
ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီကျော်က မြန်မာနိုင်ငံသား ဇနီးမောင်နှံ နေထိုင်တဲ့ တဲအိမ်တအိမ်မှ ခြောက်လုံးပြူးသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်သေနတ် ၂ လက်နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
မဲဆောက်မြို့တော်ဝန် စန်ယာဖေ့စ်စေ့ရဲ့ ညွှန်ကြားချက်အရ ထိုင်းစစ်တပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မဲဆောက်မြို့ရှိ တဲအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေးရှာဖွေစဥ် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံသားတယောက်က “ကိုစိုင်း ဆိုသူနဲ့ မချို တို့ နေထိုင်တဲ့ နေအိမ်တထဲမှာ ဖမ်းဆီးရမိခဲ့တာ။ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေက Mk 2 အမျိုးအစား လက်ပစ်ဗုံး ၁ လုံး၊ ခြောက်လုံးပြူး သေနတ် ၁လက်၊ လုပ်သေနတ်အရှည် ၂ လက်နဲ့ ကျည်ဆန်တွေ၊ စစ်ယူနီဖောင်းတချို့နဲ့ စစ်သုံးပစ္စည်းတချို့ ဖမ်းဆီရမိတာ”လို့ ပြောပါတယ်။
ဘာအတွက် ဆောင်ထားလဲဆိုတာနဲ့ ဘယ်ကရတာလဲ ဆိုတာတွေကို စစ်ဆေးမေးမြန်းတာတွေကို ထိုင်းစစ်သားတွေနဲ့ တာဝန်ရှိသူတွေ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
တရားခံ ကိုစိုင်းနောင် (အသက် ၃၆ နှစ်)နဲ့ မချို (အသက် ၄၀ နှစ်) တို့ နှစ်ယောက်ကို မဲဆောက်ရဲစခန်း ပို့ဆောင်ထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။