
တနင်္သာရီတိုင်း၊ ပုလောဆိပ်ကမ်းမှာ မြိတ်ကနေ လက်နက်ခဲယမ်း သယ်လာတဲ့ ငါးဖမ်းလှေ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင် အပါအဝင် စစ်သားတချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၃ ရက် ညပိုင်းလောက်က ငါးဖမ်းလှေ (ဒေသခေါ် ကင်မွန်မီးထွန်းလှေ) ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲပြုတ်ကျပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကြားရတာ ၁၂၀ မမ လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲ ပြုတ်ကျပြီး ပေါက်ကွဲတာ။ လှေက နှစ်ပိုင်းပြတ်ပြီး နစ်မြုပ်သွားတယ်။ အဲဒီလှေက မြိတ်ကနေ ပုလော ၂၈၅ တပ်ရင်းကို လက်နက်ခဲယမ်းလာပို့တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် လှေပိုင်ရှင်သားအဖ ၂ ယောက် သေဆုံးခဲ့ပြီး စစ်တပ်က ဗိုလ်မှူးအဆင့်ရှိသူတွေ အပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေလည်း ရှိနေတယ်လို့ နာရေးကူညီမှုအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
နာရေးကူညီမှုအသင်းဝင်တယောက်က “စိုးရိမ်ရပြီး ရာထူးရှိသူတွေကိုတော့ မြိတ် ၅/၁၀၀ စစ်ဆေးရုံကို ပို့တယ်လို့ ကြားရတယ်။ သူတို့ဘက်က သတင်းဖုံးထားတော့ အတိအကျတော့ မသိရဘူး” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့ ငါးဖမ်းစက်လှေဟာ စစ်ကောင်စီတပ်သားတွေ လက်နက်ခဲယမ်း သယ်ပို့ဖို့အတွက် ပလမြို့၊ ကျောက္ကာကျေးရွာအုပ်စု၊ သကျက်ကမ်းရွာကနေ အချောဆွဲလာတဲ့လှေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလက်ရှိမှာတော့ ပလမြို့နဲ့ အနီးနားဝန်းကျင်မှာ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က အင်အားဖြည့်တင်းတာတွေနဲ့ လက်နက်ခဲယမ်း သယ်ဆောင်တာတွေ ပြုလုပ်ဖို့အတွက် ငါးဖမ်းစက်လှေတွေကို ချောဆွဲပြီး အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။