Home
မြန်မာသတင်း
ရန်ကုန်တွင် အစမ်း မဲပေးမှု လာကြည့်ကြရန် နှိုးဆော်နေသော်လည်း  ပြည်သူများ စိတ်မဝင်စား
DVB
·
September 13, 2025

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့ရဲ့ ရပ်ကွက်တွေမှာ အီလက်ထရောနစ်မဲပေးစက်နဲ့ အစမ်းမဲပေးတာကို လာကြည့်ကြဖို့ လိုက်လံနှိုးဆော်နေပြီး မလာနိုင်တဲ့သူတွေကို ဖိအားပေးတာတွေရှိနေပေမဲ့  ပြည်သူအများစုကတော့ စိတ်ပါဝင်စားမှု မရှိကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့ရဲ့ ရပ်ကွက်တွေမှာ မဲပေးစက်နဲ့ အစမ်းပဲပေးတာကို လာရောက်ကြည့်ကြဖို့ လိုက်လံနှိုးဆော်နေပြီး အသက် ၁၈ နှစ်နဲ့ အထက်လူတွေ အားလုံးလာရောက်ဖို့ လိုကြောင်းနဲ့ မလာနိုင်ရင် ဧည့်စာရင်းနဲ့ နေထိုင်သူတွေ ဧည့်စာရင်းရဖို့ ခက်ခဲနိုင်ကြောင်း ဖိအားပေးပြောဆိုတာတွေရှိတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်၊

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေဆီကို ဖုန်းဆက်အကြောင်းကြားခိုင်းပြီး ဧည့်စာရင်းနေတဲ့ နေထိုင်တဲ့သူတွေကို အဓိကလာရောက်ဖို့ ပြောဆိုခိုင်းကြောင်းနဲ့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေ အစမ်းမဲ ပေးတာကို လာကြည့်ဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ ဧည့်စာရင်းနဲ့ နေထိုင်တဲ့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

“သူတို့ဒီဟာကို အစမ်းလေ့ကျင့်လာကို လာကြည့်မှ တရားဝင်တယ်ဆိုတဲ့ ပုံစံမျိုး၊ လာ မထည့်ဘူးဆိုရင် ဧည့်စာရင်းတိုင်ရင် စိတ်မချရဘူးပေါ့၊ အနားပတ်ဝန်းကျင်ကရှိတဲ့သူတွေကိုပေါ့ စုရပ်ကို လာ၊ ၁၈ နှစ်နဲ့ အထက် အကုန်သူတို့ဆီကို လာဖို့ ဖုန်းဆက်ခေါ်တယ်။ ဟိုရောက်တော့ စက်ကလေးမှာ အစမ်း မဲထည့်တာပြတယ်။  အိမ်ငှားတွေရော ဧည့်စာရင်းသမားတွေရော အကုန်လာပေါ့၊ အဲဒီလိုခေါ်တာ၊ ဧည့်စာရင်းသမားတွေ ဦးစားပေးလာဖို့လည်း ပြောတယ်။ ဧည့်စာရင်းသမားတွေ မလာရင် ဧည့်စာရင်းတိုင်ရင် ခက်ခဲမယ် ဘာညာဆိုပြီး မသိမသာလေးပြောတဲ့ပုံစံပေါ့။” 

တချို့မြို့နယ်ကပြည်သူတွေကတော့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို အားမပေးတဲ့ အတွက် အစမ်းမဲပေးတာကို စိတ်ဝင်စားမှုမရှိကြဘူးလို့ ပြောပါတယ်၊

သင်္ဃန်းကျွန်းမြို့နယ်နေပြည်သူတယောက်က “မဲကိစ္စနဲ့ ပတ်သက်လို့ ရပ်ကွက်တွေထဲမှာ အခုက မဲစက်တွေကို လာကြည့်ဖို့ မဲပေးပုံပေးနည်းတွေကို လာလေ့လာဖို့ ဆယ်အိမ်မှူးတွေက လိုက်လံအော်နေတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲက တော်တော်များများက မသွားတာတွေ့ရတယ်၊ တချို့ကလည်းစိတ်မဝင်စားဘူး။ တချို့ကလည်း မဲမပေးချင်လို့ပေါ့၊ မဲ‌မပေးဘူးဆိုတော့ ကြည့်စရာမလိုဘူးဆိုတဲ့ သဘောနဲ့ မသွားကြတာလည်းပါတယ်၊ တချို့ရပ်ကွက်တွေကတော့ လာကြည့်ရမယ် လာမကြည့်ရင် ဘာညာဧည့်စာရင်းမပေးဘူးပြောပေမဲ့ တချို့ရပ်ကွက်တော့ ဘာမှမပြောဘူး၊ လူတော်တော်များများကတော့ စိတ်မဝင်စားတာကိုတွေ့ရပါတယ်”လို့ ပြောပါတယ်။ 

အခုလို ကိစ္စတွေနဲ့ပတ်သတ်လို့ ရန်ကုန်မြို့တွင်းက မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ မေးမြန်းစုံစမ်းကြည့်တဲ့ အခါမှာတော့ အတင်းအကျပ် ဖိအားပေးခေါ်ယူတာမဟုတ်ကြောင်းနဲ့ မဲပေးတဲ့စက်အကြောင်း အသိပညာပေးဖို့ အဓိကရည်ရွယ်တယ်လို့ ပြန်ပြောပါတယ်။

ဒါ့အပြင် မဲအစမ်းပေးတာ လာမကြည့်တဲ့ သူတွေကို ဧည့်စာရင်းမပေးဘူးဆိုတာ မဟုတ်ပေမဲ့  ခေါ်ယူတဲ့အခါမှာတော့ လူများအောင် ပြောဆိုခဲ့ရတာမျိုး ရှိတယ်လို့ ဆိုပါတယ်၊

လာမယ့်ရွေးကောက်ပွဲမှာ အသုံးပြုဖို့စီစဉ်ထားတဲ့ အီလက်ထရောနစ် မဲပေးစက်တွေက လိုသလို မဲလိမ်မဲခိုးလို့ရတယ်ဆိုတဲ့ သတင်းတွေပြန့်ပြီးနောက်  မဲပေးစက်သင်တန်း တက်ခဲ့ရတဲ့ ဧရာဝတီတိုင်းက ဆရာ၊ ဆရာမတွေ ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။  

စစ်ကောင်စီက ရွေးကောက်ပွဲပထမပိုင်းကို ရန်ကုန်က မြို့နယ် ၁၂ ခုအပါအဝင် မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်၊

ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ တနိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ ပါတီ ၆၁ ပါတီ ရှိကာ အဲဒီထဲက ၄ ပါတီကတော့ စက်တင်ဘာလ ၉ ရက်မှာ ဖျက်သိမ်းခံလိုက်ရပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013