Home
မြန်မာသတင်း
ရန်ကုန်တွင် လုံခြုံရေးပြန်တင်းကျပ်လာသဖြင့် ဧည့်စာရင်းတိုင်သူ ပိုများလာ
DVB
·
September 9, 2025

ရန်ကုန်မြို့မှာ လုံခြုံရေး ပြန်တင်းကျပ်လာပြီး အစစ်အဆေး ပိုလုပ်လာတာကြောင့် ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းတိုင်သူတွေ များလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက ညဘက်တွေမှာ ဧည့်စာရင်းစစ်တာတွေ ခပ်စိတ်စိတ်လုပ်လာပြီး ဧည့်စာရင်း မတိုင်ထားသူတွေနဲ့ သံသယရှိသူတွေကို ဖမ်းဆီးနေတာကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေတာလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်မှာ နေထိုင်သူတယောက်က “ပြီးခဲ့တဲ့ရက်က ဧည့်စာရင်းစစ်ပြီး ၂ ယောက်ကို ဖမ်းသွားတာမို့လို့ ကြောက်ပြီး ဧည့်စာရင်းသွားတိုင်ကြသူတွေ မနည်းဘူး။ ဧည့်စာရင်းတိုင်ဖို့ကို တန်းစီစောင့်နေတဲ့ လူတန်းက အရှည်ကြီး၊ ကိုယ့်အလှည့်ရောက်ဖို့ နှစ်နာရီလောက် စောင့်လိုက်ရတယ်” လို့ ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာလည်း ဧည့်စာရင်းစစ်တာတွေ ပိုလုပ်လာတာကြောင့် ပေးထားတဲ့ရက်ထက် မကျော်အောင် သတိထား တိုင်နေရတယ်လို့ ၂ ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

“အပိုင်မှူးက ဧည့်စာရင်း တောက်လျှောက်ဝင်မှာ၊ ရက်ကျော်လို့ အဖမ်းခံရရင် ကိုယ်ဖြစ် ကိုယ်ခံ ဆိုပြီး ပြောတယ်။ အဲဒါကြောင့် အရင်ကထက် ဧည့်စာရင်းတိုင်တာ ပိုများတာ သတိထားမိတယ်။”

စစ်ကောင်စီက ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ ရှိနေတာကြောင့် လုံခြုံရေးကို အခုကတည်းက တိုးမြှင့်လုပ်လာတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့မှာ တပတ်အတွင်း မတရားဖမ်းဆီးခံရသူ အယောက် ၄၀ ရှိကာ အဲဒီထဲကမှ ဧည့်စာရင်းစစ်ပြီး အဖမ်းခံရသူ ၁၂ ယောက်အထိ ရှိတယ်လို့ Rangoon Scout Network-RSN က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024