
အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲမှာ စစ်ဘေးရှောင်တွေ ရောက်ရှိနေရာကနေ မဲပေးရမှာဖြစ်လို့ ရန်ကုန်မှာ စစ်ဘေးရှောင်စာရင်းတွေ ကောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ၆ လကတည်းက ရန်ကုန်မှာ ရောက်ရှိ နေထိုင်သူစာရင်းကို ရပ်ကွက်၊ ထွေအုပ်နဲ့ လဝကရုံးကနေ ကောက်ယူနေတာဖြစ်ပြီး ရွေးကောက်ပွဲရှိတဲ့ မြို့နယ်အတွက် ကြိုတင်မဲပေးရမှာလို့ စမ်းချောင်းမြို့နယ်မှာ ရောက်နေတဲ့စစ်ရှောင်တယောက်က ပြောပါတယ်။
“စစ်ဘေးရှောင်တွေအကုန်ကောက်တာ။ ကြိုတင်မဲပေးရမယ် ပြောတယ်။ ဘယ်လိုမဲပေးလို့ရမယ် ဆိုတာတော့ မသိဘူး။ စမ်းချောင်းမှာတော့ ချင်းနဲ့ ရခိုင်ဘက်က စစ်ရှောင်တွေ များတယ်။”
စစ်ဘေးရှောင်တွေကို စာရင်းကောက်တာတဲ့ကိစ္စမှာ ကြိုတင်မဲပေးဖို့ ဖြစ်နိုင်သလို ရွေးကောက်ပွဲအတွက် စောင့်ကြည့်တဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တယ်လို့ တာမွေမြို့မှာရောက်တဲ့ စစ်ရှောင်တယောက်က ပြောပါတယ်။
“စစ်တပ်အာဏာသိမ်းလို့ ဒီအခြေအနေမျိုး ရောက်လာတာဖြစ်တဲ့အတွက် ဘယ်စစ်ရှောင်မှ မဲမပေးချင်ဘူး။ စစ်ရှောင်စာရင်းတွေ ကောက်တယ်ဆိုတာ ပြေးစရာမရှိတဲ့ စစ်ရှောင်တွေကို ကျောတခင်းစာ နေစရာနဲ့ စစ်တပ်က ခြိမ်းခြောက်ပြီး ဖိအားပေး မဲပေးခိုင်းမလို့၊ စစ်တပ် အာဏာသိမ်းလို့ ဒီအခြေအနေမျိုးရောက်လာတာကိုသိတဲ့ ဘယ်စစ်ရှောင်မှ မဲမပေးချင်ဘူး။”
ပြည်ပရောက် မြန်မာတွေနဲ့ ပြည်တွင်းက စစ်ဘေးရှောင်၊ အနာကြီးရောဂါ စွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ နေအိမ်မှာ သားဖွားနေသူတွေ ကြိုတင်မဲပေးလို့ရအောင် စီစဥ်ထားတယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၅ ရက်မှာ ပြောပါတယ်။
ရွေးကောက်ပွဲပထမပိုင်းမှာ ရန်ကုန်တိုင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ အလုံမြို့နယ် ၁၂ မြို့နယ် ပါဝင်ပါတယ်။
မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ ပထမပိုင်းကို ပါတီ ၆၁ ပါတီက ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီထဲက ၉ ပါတီက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဝင်ပြိုင်မှာဖြစ်သလို ကျန်တဲ့ ၅၂ ပါတီက ပြည်နယ်နဲ့ တိုင်းတွေမှာပဲ ဝင်ပြိုင်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။