
မီးနီကို အတင်းကျော်ဖြတ်မောင်းနှင်လာတဲ့ YBS 107 ဘတ်စ်ကားဟာ တဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ YBS ဘတ်စ်ကားတစီးနဲ့ တိုက်မိခဲ့ပြီး တခြားယာဉ် ၅ စီးကိုပါ ထပ်မံဆင့်တိုက်ခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ရန်ကုန်၊ သိမ်ကြီးဈေးရှေ့မှာ ဖြစ်ပွားခဲ့ပါတယ်။
လှည်းကူး-ဆူးလေ ပြေးဆွဲနေတဲ့ YBS-107 ဟာ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းမှာ မီးနီဖြတ်မောင်းစဉ် တဖက် မဟာဗန္ဓုလလမ်းအတိုင်း မောင်းနှင်လာတဲ့ YBS က အရှိန်နဲ့တိုက်မိပြီး လမ်းမှာရပ်ထားတဲ့ ယာဉ် ၅ စီးကိုပါ YBS - 107 က ထပ်ဆင့်တိုက်မိတာ ဖြစ်ပါတယ်။
YRTC က တာဝန်ရှိသူတယောက်က “လူထိခိုက်မှု မရှိခဲ့ဘူး။ အဲဒီယာဉ်မောင်းက ဖြစ်စဉ်နေရာကနေ ထွက်ပြေးသွားတယ်။ အခု အရေးယူဆောင်ရွက်ဖို့ လုပ်နေတယ်။ ထိထိရောက်ရောက် အရေးယူသွားမယ်” လို့ ပြောပါတယ်။
မဆင်မခြင်မောင်းနှင်တဲ့ YBS ယာဉ်မောင်းတွေကို YRTC က ယာဉ်မောင်း Smart Card အပြင် ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတခုအထိ ပိတ်သိမ်းအရေးယူသွားမယ်လို့ သိရပါတယ်။