Home
ရုပ်သံ
လိုင်စင်မရှိဘဲ ဖွင့်သည့် အလှအပ ဆေးခန်းများကို သတိထားရန် ဆရာဝန်များ တိုက်တွန်း 
DVB
·
September 8, 2025
Photo: ရန်ကုန်မြို့က အလှအပ ဆေးခန်း တနေရာ

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဆေးကုသခွင့်လိုင်စင် မရှိဘဲ အလှအပရေးရာ ဆေးခန်းတွေ ဖွင့်လှစ်နေကြပြီး လူ့အသက် သေဆုံးတဲ့အထိ အန္တရာယ်ရှိတာကြောင့် ပြည်သူတွေ သတိထားကြဖို့ ဆရာဝန်တွေက သတိပေးပါတယ်။

မြို့ကြီးတွေမှာ မျက်နှာနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ခွဲစိတ်ပြုပြင် ကုသပေးနေတဲ့ အလှအပရေးရာဆေးခန်း (Aesthetic Clinic) တချို့ဟာ ဆေးကုသခွင့်လိုင်စင် မရှိဘဲ ဆရာဝန် နာမည်ခံပြီး ကုသပေးနေတာတွေ ရှိတာကြောင့် သတိထားကြဖို့ ကျန်းမာရေးဆရာဝန်တွေက သတိပေးပါတယ်။

အထူးသဖြင့် အဲဒီဆေးခန်းတွေဟာ မျက်နှာကို ဆေးထိုးပြုပြင်တာ၊ နှာခေါင်းရိုးထည့်တာ၊ နှုတ်ခမ်း Filler ထိုးတာ၊ ပါးချိုင့်ဖော်တာ၊ မျက်ရစ်ဖော်တာ စတဲ့ မျက်နှာခွဲစိတ်ပြုပြင်တဲ့ ဝန်ဆောင်မှုတွေအပြင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို သဘာဝနည်းနဲ့ မဟုတ်ဘဲ ခွဲစိတ်ကာ အဆီဖောက်ထုတ်တာ စတဲ့ အန္တရာယ်များတဲ့ ကုသနည်းတွေနဲ့ ကုသနေကြတာလို့ ဆိုပါတယ်။

ဒေါက်တာ သူရိန်လှိုင်ဝင်းက “ကျားဖြန့်ကကျတော့ တရုတ်လို အလိမ်အညာ၊ အလိမ်ကို ခေါ်တာပေါ့။ ဆေးကုသဖို့ဆိုရင် ဆေးကုသခွင့်လိုင်စင် ရှိရတယ်။ အလှအပဆေးခန်း (Aesthetic clinic) ဆိုလည်း ဆေးခန်းဖွင့်ဖို့ လိုင်စင်ရှိရတယ်။ ဒီလိုမျိုး Aesthetic ဆရာဝန်မှ၊ ဆေးကုသနိုင်တဲ့ ဆရာဝန်မှ အပ်ကိုင်လို့ ရတယ်လေ။ လူနာကို ခွဲစိတ်ကုသတာတို့၊ ဆေးထိုးကုသတာတို့ လုပ်ပိုင်ခွင့် ရှိတယ်။ ကျန်တဲ့ဟာတွေက ဆေးကုသခွင့်လိုင်စင် မရှိထားဘဲနဲ့ ကျန်တဲ့ ဘယ်သူမှ ဆေးထိုးအပ် ကိုင်လို့မရဘူး။ လူနာကို ကုသခွင့် မရှိဘူးလေ။ ဒါက ပုံစံတော့ မတူဘူး။ အလှအပဆေးခန်းက လိမ်တာတော့ မဟုတ်ဘဲ သူတို့ တတ်သလောက် မှတ်သလောက်နဲ့ တပိုင်တနိုင် လျှောက်လုပ်တာပေါ့။ ဒါက လိမ်တာမဟုတ်ပေမဲ့ ဘေးထွက်ဆိုးကျိုး အရမ်းများပြီးတော့ ကိုယ့်ရဲ့ အသားအရေ၊ ကိုယ့်ရဲ့မျက်နှာ၊ ကိုယ့်ရဲ့ ခန္ဓာတခုလုံးကို ဘာမှမတတ်တဲ့သူဆီ သွားအပ်ထားတာ။ ဈေးသက်သာတာပဲ ရှိမယ်။ ဘာမှ ကောင်းကျိုးမရှိဘူး။ ဒါကို ကျနော်တို့ တားဆီးရမှာပေါ့။ ဆေးကုသခွင့်မရှိဘဲ ဆေးကုသနေကြတာကိုး” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက အလှအပ ဆေးခန်းတခုမှာ အဆီစုပ်ထုတ် ကုသမှုခံယူခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတယောက် ကုသမှုခံယူရင်း မေ့ဆေးလွန်ကာ အသက်သေဆုံးခဲ့ရပါတယ်။

ဒီလို အလှအပဆေးခန်းတွေကို ကျားဖြန့်ဆေးခန်းလို့ မခေါ်ဆိုနိုင်ပေမဲ့ ဆေးကုသခွင့်မရှိဘဲ ဆေးထိုးအပ်ကိုင်ကာ ကုသပေးတာဟာ ပြည်သူတွေအတွက် အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိစေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဒီနေ့ခေတ်မှာ ကျားဖြန့် ဆေးခန်းတွေ အပါအဝင် ဆေးကုသခွင့် လိုင်စင်မရှိဘဲ အလှအပရေးရာ ဆေးခန်းတွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြတာဟာ စစ်တပ်လက်အောက်မှာ တရားဥပဒေစိုးမိုးမှု နည်းတာကြောင့်လို့ ဆရာဝန်တွေက ထောက်ပြကြပါတယ်။

ရန်ကုန်မြို့က ဆရာဝန်တယောက်က “တောမီးလောင်တဲ့အချိန်မှာ တောကြောင်တွေ လက်ခမောင်းခတ်တာပေါ့။ တနိုင်ငံလုံး တရားဥပဒေစိုးမိုးမှု ယိုးယွင်းတဲ့အချိန်မှာ ဒါက ဒုစရိုက်မှု လုပ်တာပဲလေ။ ဒါက လူ့အသက်တွေ သေတဲ့အထိ ဖြစ်တာဆိုတော့ ဒါက ပြင်းထန် နာကျင်စေတဲ့ အမှုတောင် ပါတယ်၊ တကယ်တမ်းက ရာဇဝတ်မှုပဲလေ။ ဒီလိုအရာတွေ ခေါင်းထောင်နေတယ် ဆိုတာ သေချာရေရာတဲ့ အရေးယူမှု မရှိတဲ့ တရားမျှတမှု လျော့ရဲနေလို့ပဲ။ တရားဥပဒေ လျော့ရဲနေလို့သာ ဒီလိုမျိုး မကောင်းမှုလုပ်နေတဲ့သူတွေက ပေါ်ပေါ်ထင်ထင် ရန်ကုန်မြို့ကြီးတွေမှာပါ လုပ်ရဲကိုင်ရဲ လိမ်ရဲနေတာဆို‌တော့ ဒါက တရားဥပဒေစိုးမိုးရေး မရှိတာပေါ့။ ရန်ကုန်မှာ ဒီလို ကျားဖြန့်ဆေးခန်းတွေ၊ ဆေးကုသခွင့်မရှိဘဲ ဖွင့်ထားတဲ့ အလှအပ ဆေးခန်းတွေလည်း အများကြီး ရှိနေပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ တရားမဝင် ဖွင့်လှစ်ထားတဲ့ အလှအပရေးရာ ဆေးခန်းတွေကြောင့် ပြည်သူတွေကြား နစ်နာမှုရှိတဲ့အတွက် စိစစ် အရေးယူနေကြောင်း ၂၀၂၅ ဧပြီလအတွင်း ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ မြို့ကြီးတွေမှာ ဆေးခန်းအတုတွေက နာမည်အမျိုးမျိုး ပြောင်းကာ လုပ်ကိုင်နေသလို အလှအပရေးရာ ဆေးခန်းတွေကလည်း နာမည်ခံ ဆရာဝန်တွေနဲ့ လုပ်ကိုင်တာ၊ အချို့ကလည်း ဆေးကုသခွင့်မရှိဘဲ ခွဲစိတ်ပြုပြင်တာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013