
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရွာသစ်ရပ်ကွက်က လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို စက်တင်ဘာ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး ၂ ကြိမ် ကြဲခဲ့တာကြောင့် အမျိုးသမီးတယောက် ထိခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် အပါအဝင် နေအိမ် ၅ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၇ နာရီဝန်းကျင်ခန့်မှာ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့် အသက် ၄၀ ကျော် အရွယ် အမျိုးသမီးတယောက် မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အရပ်သားတွေကို ဦးတည်ဗုံးကြဲခဲ့တာဖြစ်ပြီး လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“အရပ်သားတွေကို တမင်တကာကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့သဘောပဲ။ ကံကောင်းလို့ ဒီနေ့ ဗုံးကြဲတဲ့အထဲ လူတွေအများအပြား ထိခိုက်သေဆုံးတာ မရှိတာ။ ဒီနေ့ လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းက တခုခုဆို အရပ်သားအများစုက အဲဒီမှာပဲ သွားစုကြတာ ဆိုတာကို သူတို့ (စကစ) က သိတယ်လေ။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ဒီဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲလို့ ကျောင်းထဲမှာ ယာယီ စစ်ရှောင်နေတဲ့သူတွေထဲက ၂၁ ဦး သေသွားတယ်။ အခု တလလောက်ကြာတော့ ထပ်လာကြဲပြန်ပြီ။”
လင်းရောင်ခြည် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတာ ဖြစ်တာကြောင့် မြို့ခံတွေအနေနဲ့ စစ်ရေးသတိရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာဖို့အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း အရပ်သားတွေရှိနေတဲ့ လင်းရောင်ခြည် ဘုန်းကြီးကျောင်း၊ ကျောက်နဂါး ဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်တွေကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေးမြို့ စာရင်းထုတ်ပြန်ပြီးနောက် TNLA အပါအဝင် ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ဖို့ စစ်ကောင်စီတပ်က စစ်မှုထမ်းအင်အားကို အသုံးချပြီး မြေပြင်ကနေ အပြင်းအထန် စစ်ကြောင်းထိုးတာအပြင် လေကြောင်းနဲ့ပါ အပြင်းအထန် တိုက်ခိုက်နေတာပါ။
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်ပြီးနောက် မိုးကုတ်နဲ့ ကျောက်မဲမြို့ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးနေကာ TNLA တပ်ကလည်း ပြန်လည်ခုခံနေတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေပါတယ်။