Home
မြန်မာသတင်း
စစ်တပ် တိုက်ခိုက်မှုကြောင့် မတ္တရာအရှေ့ခြမ်း ကျေးရွာ ၂၅ ရွာက ပြည်သူများ တိမ်းရှောင်နေရ
DVB
·
September 15, 2025

စက်တင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီက ဖိအားပေး တိုက်ခိုက်နေတာကြောင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းက ကျေးရွာ ၂၅ ရွာထက်မနည်းက ပြည်သူတွေဟာ ရွာလုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဖိအားပေး တိုက်ခိုက်မှုတွေကြောင့် သိမ်းထားတဲ့ စခန်းတချို့ကို ပြန်လက်လွှတ်လိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒေသတွင်း PDF တွေက သီးခြားအတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။

မတ္တရာနယ်ထဲမှာ စစ်ကောင်စီက စစ်မျက်နှာ ၅ ခုထက်မနည်း ဖွင့်ထားပြီး လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေကိုပါ ဆက်တိုက်အသုံးပြုနေတာ ဖြစ်ပါတယ်။

မတ္တရာ PDF မှ ဦးတိုးက “တိုက်ပွဲအနေနဲ့ပြောရင် မနေ့ကတော့ မတ္တရာအရှေ့ဘက်ခြမ်းမှာ ထိတွေ့မှုဖြစ်တာ ရှိတယ်။ (--)ကြောင်းက လန်ကျသွားတယ်ဗျာ၊ အဲဒီလောက်ပဲ အကြမ်းဖျင်း သိရတယ်။ မတ္တရာအရှေ့တောင်ခြမ်းမှာရှိတဲ့ ကျေးရွာပေါင်းတော်တော်များများ စကစ ဘက်က ပစ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းအန္တရာယ်ကြောင့်မို့လို့ တိမ်းရှောင်နေကြရတယ်။ ကျောက်တံတားရွာ၊ လက်ဝဲကြီး၊ လမိုင်း၊ ညောင်ပင်သာ၊ ဘိုကုန်း၊ ရှားစေးချက်ကြီးရွာ၊ ထန်းပင်ကုန်း၊ ကြားရွာ၊ မန်ကျီးကုန်း၊ တောင်ကန်၊ စာတိုက်တကာ၊ ကင်းရွာ၊ မြှောင်းဦး၊ ရွာသာယာ၊ ကြပ်ပြင်၊ ထုံးဘို၊ ပြည်သာယာ၊ မြှောင်းသစ်၊ ကျောက်တံတားရွာသစ်၊ ရှမ်းရွာ၊ ငါးလုံးပြွန်၊ သပြေလှ၊ ရှားစေးချက်လေး၊ ဆိပ်သာ၊ ရွေးစု၊ ထန်းတောကုန်းရွာ၊ အဲဒီရွာတွေကတော့ ရွာလုံးကျွတ်တွေ ရှောင်တိမ်းပြီးနေရတယ်ပေါ့။ ၂၅ ရွာလောက် ရှိလိမ့်မယ်။ တဖက်မှာက စကစ ဘာလုပ်နေလဲဆိုတော့ စစ်ကိုင်းတံတား နှာပေါက်ကနေပြီးတော့ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ကလေးဒိုင်ဘာ လူကြီးဒိုင်ဘာကအစ ချယူနေတာရှိတယ်။ စစ်ကိုင်းဘက်ခြမ်း ကားကြီးကွင်းမှာရော အသင်္ခယာစောယွန်းအဝိုင်းတို့ ဘာတို့ဘက်မှာရော၊ အခုနောက်ပိုင်း ပိုဆိုးလာတာက ချောဆွဲတာ၊ စပယ်ယာတောင်ဆွဲချတယ်။ တချို့ကားတွေဆိုရင် ခရီးသည်လိုင်းတွေ ရပ်နားသွားတာမျိုးတွေရှိတယ်။ မတ္တရာအရှေ့ဘက်ခြမ်းမှာတော့ စစ်ဘေးရှောင် အခြေအနေကတော့ နည်းနည်းလေး မြင့်တက်နေတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေဟာ မန္တလေး-မကွေးနယ်စပ် မြင်းခြံမြို့နယ်မှာလည်း နယ်မြေပြန်ထိန်းချုပ်နိုင်ဖို့ အင်အားသုံးနေပြီး ဩဂုတ်လဆန်းကနေ လက်ရှိအချိန်အထိ ဒေသကာကွယ်ရေးအဖွဲ့တွေကို ဖိအားပေးတိုက်ခိုက်ခဲ့ပါတယ်။

ဩဂုတ်လကုန်ပိုင်း မြင်းခြံခရိုင်အတွင်း တိုက်ပွဲတွေမှာ ပျူစောထီးအများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပျူစောထီးခေါင်းဆောင် သီတာယုမွန်လည်း ဒဏ်ရာရခဲ့တဲ့အတွက် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

အောင်ဆန်းသွေးအဖွဲ့-မြင်းခြံ မှ ကိုလေးအောင်က “သင်္ဘော ၆ စီး မနေ့ကတည်းက ကပ်တာ၊ ပြန်မထွက်သေးဘူး။ ဟုတ်တယ် ဆီမီးခုံ(ဆံမြိတ်ခုံ) ဆိပ်ကမ်းမှာ၊ ချင်းတွင်းဘက်ကလာတာ၊ သီတာယုမွန်လည်း မြင်းခြံမှာဝင်ပစ်တဲ့အထဲမှာ သူလည်း ၂ ချက်ထိထားလို့ မန္တလေးဆေးရုံ ရောက်နေတယ်ကြားတယ်။ သွားရေးလာရေးက မြင်းခြံမြို့ထဲက အဝင်ရတယ်၊ အထွက်ကျ သိပ်မလွယ်ဘူး။ ဆန်ဆိုရင် ၂ ပိုင်း၊ ဆီဆိုရင် ၁ ပုံး၊ အဲဒီထက် ပိုသယ်လို့မရဘူး ကားသမားတွေက။ အဲဒီထက်ပိုတင်ရင် ချယူထားလိုက်တာ။ ဒီနှစ်ကတော့ စပါးမစိုက်ရတော့ အခက်အခဲတော့ ဖြစ်ဦးမှာပေါ့။ လောလောဆယ်ကတော့ လက်ကျန်ဆန်တွေ ရှိသေးတယ်ဆိုတော့လေ။ စစ်ရေးကတော့ ငြိမ်တယ်တော့မဟုတ်ဘူး၊ ဒီ မြင်းခြံမြောက်ဘက်မှာတော့ ဆိုင်နေတာပဲ။ လမ်းပိုင်းက ကျနော်တို့ စိုးမိုးတယ်လေ၊ မြို့အဝင်တွေလောက်ပဲမရတာ။ မြို့သာထဲမှာရယ်၊ မြင်းခြံ၊ ဆံမြိတ်ခုံ၊ ငမြာ၊ ငါန်းဇွန်ရယ် ဒီလိုမြို့တွေလောက်ပဲရှိတာ၊ ကျန်တဲ့နေရာတွေက သူတို့မစိုးမိုးပါဘူး” လို့ ပြောပါတယ်။

ဖယောင်းတောင်ရွှေလုပ်ကွက်နဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတို့ကို ပြန်သိမ်းပြီးတဲ့နောက်မှာ မတ္တရာနဲ့ သပိတ်ကျင်းနယ်ကြားက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို နယ်မြေရှင်းလင်းရေးလုပ်ပြီး ထိုးစစ်ဆင်မယ်လို့ ဩဂုတ် ၂၉ ရက်မှာ စစ်ကောင်စီက ကြေညာပြီးနောက် ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

မန္တလေးတိုင်း၊ မတ္တရာနယ်က စစ်ကောင်စီအခြေစိုက်စခန်း ၂၈ ခုကို သိမ်းယူခဲ့တယ်လို့ မန္တလေး PDF က ၂၀၂၄ ဇူလိုင်လမှာ သတင်းထုတ်ပြန်ခဲ့ပြီး အချိန်တနှစ်ကျော်အကြာမှာ စခန်းတချို့ကို ပြန်လက်လွှတ်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေအရ မန္တလေးမြို့ကို ကာကွယ်ရေးအဖွဲ့တွေ ထိုးဖောက် ဝင်ရောက်လာနိုင်တဲ့ မန်း-စစ်ကိုင်းနယ်စပ်၊ မန်း-မကွေးနယ်စပ်နဲ့ ရှမ်း-မန်းနယ်စပ် မြို့နယ်တွေကို ပစ်မှတ်ထားပြီး အသာစီးယူဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013