
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးစုစုပေါင်း ၁၈၄ ယောက် သေဆုံးပြီး ၄၇၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ HDCO ရုံးက ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခု နိုဝင်ဘာလကနေ ၂၀၂၅ ခု ဩဂုတ်လအထိ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးစုစုပေါင်း ၁၈၄ ယောက် သေဆုံးပြီး ၄၇၄ ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၁၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က စစ်ရှောင်အရေးကူညီပေးနေတဲ့ ဆရာဝေဟင်အောင်က “စစ်ကောင်စီ က သူ့ရဲ့ သဘောသဘာဝအတိုင်း အကြမ်းဖက်ဗီဇစိတ် ရှိတယ်။ ရခိုင်ဘက်မှာ စစ်ရှုံးတော့ မနာလိုစိတ်သွားပေါင်းတယ်။ မြန်မာပြည်သူတရပ်လုံးက သူ့နောက်မှာမရှိဘူး။ သူ့ကို မထောက်ခံတဲ့ သူတွေကို ရန်သူလို သဘောထားတယ်။ အဲဒါကြောင့် သူနဲ့မသင့်တဲ့သူတွေ အဆင်မပြေသူတွေကို ပစ်သတ်ဆိုတဲ့ ခံစားချက်အပေါ်မှာ အခြေတည်တယ်။ သူဟာ တကယ်အကြမ်းဖက်သမား ဖြစ်တယ်။ ယုတ်ညံ့တဲ့ အကြမ်းဖက်သမားတယောက် ဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
ဒ့ါအပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၃၇ ကျောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စာသင်ကျောင်း ၁၀ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၄၇ ကျောင်း ပျက်စီးတယ်လို့ ဆိုပါတယ်။
အခုလို ကျောင်းသားတွေနဲ့ ကလေးသူငယ်တွေကို အစုလိုက်အပြုံလိုက် သေစေတဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတရပ် ဖြစ်တာကြောင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက အမြန်ဆုံးတားဆီးဖို့နဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးနိုင်ဖို့ အရေးတကြီးဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်တော်မြို့မှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက် ခိုက်တာကြောင့် ကျောင်းသား၊ ကျောင်းသူအယောက် ၂၀ သေဆုံးခဲ့ပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အယောက် ၂၀ ထဲမှာ ၂ ယောက်က အမျိုးသမီးဖြစ်ပြီး ၁၈ ယောက်ဟာ အသက် ၁၈ နှစ်အောက် အမျိုးသားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်က စာသင်ကျောင်းအားလုံးကို ယာယီပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။