Home
မြန်မာသတင်း
ဗန်းမောက်မြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး‌ စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
September 15, 2025

စစ်ကိုင်းတိုင်း အထက်ပိုင်းက ဗန်းမောက်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဗန်းမောက် ဒေသခံတွေက ပြောပါတယ်။
ဗန်းမောက်မြို့ပတ်ဝန်းကျင်မှာ  စက်တင်ဘာ ၁၅ ရက် မနက်ကနေ တိုက်ပွဲတွေဖြစ်ပွားနေပြီး နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုပြီး ဗန်းမောက်ထဲက အမတယောက်က လှမ်းပြောတယ်၊ နှစ်ဖက်တိုက်ပွဲဖြစ်နေတာဆိုပြီးတော့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်ပြောတယ်၊ လေယာဉ်နဲ့လည်း လာပစ်သွားပြီလို့ ပြောတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း အင်းတော်-ဗန်းမောက် ဗျူဟာလမ်းအပါအဝင် အခြားလမ်းတွေကိုလည်း စက်တာဘာ ၁၅ ရက်က စတင်ပြီး ရက်ကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အင်းတော်မြို့နယ်ကနေ ဗန်းမောက်ကို သွားတဲ့ လမ်းတွေနဲ့ ဗန်းမောက်အဝင်အထွက်လမ်းတွေကို ပိတ်ထားရတယ်လို့ ဗန်းမောက် ဒေသခံတယောက်က ပြောပါတယ်။

“အခုက ဂိတ်တွေကနေအစ လမ်းတွေ ပိတ်ထားပြီး ဆိုင်ကယ်တွေ၊ ကားတွေကို ပြန်လှည့်ခိုင်းနေတယ်။ ဗန်းမောက်ကနေ အင်းတော်ပဲသွားသွား၊ အင်းတော်ကနေ ဗန်းမောက်ပဲသွားသွား ကားတွေကိုတော့ ပြန်လှည်ခိုင်းထားတယ်။” 

မြို့ပတ်ဝန်းကျင်က တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေလည်း ရှိနေပြီး မြို့ပေါ်က ပြည်သူတချို့လည်း ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း နားယကာကျေးရွာနားက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသကို ရှမ်းနီအမျိုးသားများတပ်မတော်က စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင်တပ်ရင်း ၄ ကနေ သိရပါတယ်။  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013