
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တဲ့ ရွှေမှော်လုပ်သား ၇ ယောက်ထဲက တယောက် အသက်ရှင် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွှေမှော်ကနေ ပြန်လာသူ ၇ ယောက်ကို ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၊ ဘူးကုန်းလမ်းခွဲ ဇရပ်နားမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက လက်ပြန်ကြိုးတုပ် ဖမ်းဆီးပြီးနောက် အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာလို့ ဆိုပါတယ်။
လွတ်မြောက်လာသူ အသက် ၁၅ နှစ်အရွယ် အမျိုးသားက “ကျနော်တို့က စက်တင်ဘာ ၉ ရက်နေ့ မနက် ၈ နာရီလောက် ထွက်ခဲ့တာ။ ဖမ်းခံရတော့ နေ့လယ် ၃ နာရီလောက်ရှိပြီ။ အကုန်လုံး ငှက်ပျောတိုင်းရွာဟောင်းသားတွေပဲ။ ၇ ယောက်အဖွဲ့၊ စဉ့်ကူးဘက်က ရွှေမှော်မှာ အလုပ်လုပ်တာ အဆင်မပြေလို့ ဆိုင်ကယ် ၃ စီးနဲ့ ပြန်လာကြတာဗျ။ လိုင်းပေါ်မှာ ကားသမားတွေ ပြည်သူတွေ တင်ထားတာ ဗျူဟာလမ်းအတိုင်း အေးအေးဆေးဆေး အစစ်ဆေးမရှိ သွားလို့ရပြီ၊ ဘာမှကြောက်စရာမရှိဘူး ဘာညာ တင်ထားတော့ ကျနော်တို့လည်း အေးဆေးပြန်ခဲ့ကြတာဗျ” လို့ ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးရွာနဲ့ ဘူးကုန်းရွာကြား ဘူးကုန်းလမ်းခွဲဇရပ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီး အထိုင်ဂိတ်မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီးနောက် ဘူးကုန်းဘုန်းကြီးကျောင်းထဲကို ခေါ်ဆောင်ခံရတာလို့ ဆိုပါတယ်။
အဲဒီနောက် ၄ ရက်ဆက်တိုက် အကြမ်းဖက် နှိပ်စက် ရိုက်နှက်တာတွေ လုပ်ကြပြီး စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှာ ကြိုးတုပ်ပြီးတော့ ကားတာယာတွေနဲ့ အရှင်လတ်လတ် မီးရှို့သတ်တာလို့ ဆိုပါတယ်။
“ရေကြည်ဦးကျော်အထိ အေးဆေးပဲ။ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ။ အကုန်ဆင်းခိုင်းပြီး ရိုက်နှက်တာ။ အလုပ်လုပ်ပြန်လာတယ် ပြောလည်း မရဘူး။ ပြီးတော့ ကျနော်တို့ကို ဘူးကုန်းဘုန်းကြီးကျောင်းထဲ ခေါ်သွားတာ။ ကျောင်းထဲရောက်တာ့ အင်္ကျီတွေ ချွတ်ခိုင်းပြီး ဝါးအစိုနဲ့ ထပ်ရိုက်တယ်။ ၄ ရက်လုံး ထမင်းမကျွေးဘဲ လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်နေခဲ့တာ” လို့ လွတ်မြောက်လာသူက ပြောပါတယ်။
ကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၂ ယောက်လည်း ပါဝင်ပြီး အသတ်ခံရသူတွေကတော့ ဦးစိုးတင့် (၄၅ နှစ်)၊ ကိုချစ်သဲမောင် (၂၃ နှစ်)၊ ကိုသန်းဇော်ထွန်း (၂၃ နှစ်)၊ ကိုရီဝေမိုး (၁၈ နှစ်)၊ မိုးသက်ခ (၁၆ နှစ်) နဲ့ ချမ်းဖြိုးဝေ (၁၄ နှစ်) တို့ ဖြစ်တယ်လို့ သိရပါတယ်။
လွတ်မြောက်လာသူက “စက်တင်ဘာ ၁၂ ရက်နေ့ ညနေ အချိန်တော့ အတိအကျမသိဘူး။ ကျနော်တို့ ၇ ယောက်လုံးကို လက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ တာယာပုံပေါ်တက်ခိုင်းတယ်။ ပြီးတော့ ခေါင်းတွေကို တုတ်တွေနဲ့ရိုက်တယ်။ မေ့မျောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ။ အဲဒီထဲမှာ ကျနော်က ကံကာင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ။ အသက်မပြည့်သေးပေမဲ့ မိသားစု မပြေလည်တာကြောင့် အလုပ်ထွက်လုပ်ကြတာပါ” လို့ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ ၁၅ နှစ်အရွယ် လူငယ်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ ခိုလှုံရင်း ဆေးကုမှုခံယူနေရပြီး အဲဒီကလေးရဲ့ တကိုယ်လုံးမှာလည်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေတွေ့ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“စစ်သားနဲ့ ပျူတွေက သူတို့ ၇ ယောက်လုံးကို ဂိတ်မှာ ဖမ်းကတည်းက ဘာမှမမေးဘဲ ဝိုင်းရိုက်ကြတယ်။ ရှင်းပြတာလည်း လက်မခံကြဘူးတဲ့။ ဂိတ်ကတဆင့် ဘူးကုန်းရွာ ဘုန်းကြီးကျောင်းထဲ ခေါ်သွားပြီး ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၄ ရက်ဆက်တိုက် ဘာအစားအစာမှ မကျွေးဘဲ ရိုက်နှက်ညှဉ်းပန်းကြတာတဲ့။ ၁၂ ရက်နေ့ ညနေပိုင်းလောက်မှာ သူတို့ ၇ ယောက်ကို လက်ပြန်ကြိုးတွေတုပ်ပြီး ထင်းပုံပေါ်တက်ခိုင်းတယ်။ ထင်းပုံပေါ်ရောက်တော့ သူတို့ခေါင်းတွေကို တုတ်တွေနဲ့ ဝိုင်းရိုက်ပြီး မပြေးနိုင်ဘဲ မေ့မြောသွားတော့မှ ကားတာယာတွေနဲ့ မီးရှို့သတ်ခဲ့ကြတာလို့ ပြောတယ်။ အခုလွတ်လာတဲ့ တယောက်က အဲဒီထဲကနေ ကံကောင်းလို့ သတိပြန်ရပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သူပါ။ သူ့အသက်က ၁၅ နှစ်လောက်ရှိပြီ။ ကျန်တဲ့ ၆ ယောက်ကတော့ သတိလစ်နေတဲ့အချိန် မီးရှို့သတ်ဖြတ်ခံရတဲ့အထဲ ပါသွားတယ်။ အဲဒီ ၆ ယောက်ထဲမှာလည်း ၁၈ နှစ်မပြည့်သေးတဲ့ လူငယ် ၂ ယောက် ပါတယ်။ သူတို့တွေဟာ ကန့်ဘလူမြို့နယ်ထဲက ငှက်ပျောတိုင်းရွာဟောင်းက ဒေသခံတွေ” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေနဲ့ သူတို့လက်အောက်ခံ ပျူစောထီးတွေဟာ ကန့်ဘလူမြို့နယ်ထဲကို လှည့်ပတ်စစ်ကြောင်းထိုးနေတာ တလနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို အလုံးစုံ စိုးမိုးမှုရယူနိုင်ဖို့ အဆိုပါလမ်းပိုင်းပေါ်က ရေကြည်ဦးကျေးရွာ၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ် လမ်းဆုံတို့မှာလည်း ဂိတ်စခန်းတွေ တိုးမြှင့်ဖွင့်လှစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့ တိုက်တွန်းထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
သြဂုတ် ၃၁ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းကနေ စစ်ကြောင်းထိုး ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ပုဏ္ဏားကြီးရွာက စစ်ဘေးရှောင်နေတဲ့ ဦးဇော်မျိုးလှိုင် (၄၅ နှစ်) နဲ့ မမာမာသင်း (၄၄ နှစ်) တို့လင်မယား ၂ ယောက်ကို ပစ်သတ်ပြီး စစ်ရှောင်တဲ ၄ လုံးကို မီးရှို့သွားတယ်လို့ သိရပါတယ်။