Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ စစ်တပ်ကဗုံးကြဲသဖြင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
September 18, 2025
Photo: မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
Photo: မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
Photo: မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
Photo: မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို စစ်တပ်က စက်တင်ဘာ ၁၇ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲချခဲ့တာကြောင့် အမျိုးသမီး တယောက် သေဆုံးသလို ၃ ယောက် ထက်မနည်း ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်အနောက်ခြမ်းမှာရှိတဲ့ ရေနံမှော်တွေဘက်ကို တိုက်ပွဲဖြစ်နေတာမရှိဘဲနဲ့   ပခုက္ကူ တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၂ စီးနဲ့  ဗုံးကြဲသွားတာလို့  မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျောက်ခွက်ရေနံမှော်နဲ့ ဝဲတူးရေနံမှော်တွေနားကို ပါရာမော်တာ ၂ စီးနဲ့ ၉၀ မမဗုံးသီးလို့လည်းခေါ်တယ်၊ ၉၀ မမ မော်တာကျည်လို့လည်း ခေါ်တယ်၊ အဲ့ဒါတွေနဲ့ပစ်သွားတာ။ ရေနံခပ်တဲ့ အမျိုးသမီးတယောက်ကတော့ နေရာမှာတင်ဆုံးသွားတယ်လို့ သိရတယ်။ အဲ့ဒိဘက်မှာက ဖုန်းနဲ့ အင်တာနက်လိုင်းအခက်အခဲရှိနေလို့ သေဆုံးသွားသူရဲ့ အသက်အရွယ်နဲ့ တခြားအချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ပါတယ်”လို့ DVB ကို ပြောပါတယ်။

​လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရေနံမှော်လုပ်သား ၃ ယောက်ထက်မနည်းဟာလည်း ဒဏ်ရာရရှိခဲ့ကြပြီး စိုးရိမ်ရသူတွေလည်း ပါဝင်နေပါတယ်။

စက်တင်ဘာ ၁၆ ရက်ကလည်း မြိုင်မြို့နယ် အနောက်တောင်ခြမ်းက ဆူးဝင်းကျေးရွာအနီး အရှေ့မြောက်ဘက်ကို စစ်တပ်က စက်တပ်လေထီး ၂ စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ အခုရက်ပိုင်းမှာ မြိုင်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေလို့ ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူတာတွေအပြင် လေကြောင်း ကာကွယ်ရေးအစီအမံတွေကို အထူးပြုလုပ်ထားကြဖို့နဲ့ လေကြောင်းရန်သတိပေးချက်တွေကို အထူးလိုက်နာကြဖို့  မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013