
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ဘေးရှောင်တွေ ခိုလှုံနိုင်တဲ့ နေရာတွေကို စက်တင်ဘာလဆန်းကနေ လက်ရှိအချိန်အထိ ညဘက်ပိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မြေပြင်စစ်ကြောင်းတွေ မလာခင်မှာ မတ္တရာနယ် အရှေ့ခြမ်းက ကျေးရွာ ၂၅ ရွာထက်မနည်းက ပြည်သူတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်ထားကြပေမဲ့ စစ်ရှောင်တွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လေကြောင်းကနေ လိုက်လံတိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့မှာ မတ္တရာနယ် အရှေ့မြောက်ခြမ်းက ဒီယာနဲ့ ဥက္ကံကျေးရွာတွေအနီး ကားလမ်းမပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေး ၂ ယောက် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်မှာလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းက စစ်ရှောင်ပြည်သူတွေ ရှိနိုင်မယ်လို့ ယူဆတဲ့ နေရာတွေကို ညဘက်ပိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
မတ္တရာ PDF မှ ဦးတိုးက “သူချသွားတဲ့နေရာတွေက မတ္တရာမြို့ရဲ့ အရှေ့မြောက်ဘက် ၁၉ မိုင် အကွာလောက်မှာရှိတဲ့ အင်ကြင်းမြိုင်၊ ဆည်တော်ကြီး၊ ဆည်တော်လေး၊ ချောင်းသဖော့တို့ ဘာတို့ပေါ့နော်၊ အားလုံးပေါင်း ၁၂ ပတ်ဝဲပြီး ချတယ်။ ဗုံးသီးအရေအတွက်ကတော့ ၃၅-၄၀ ကြားမှာရှိတယ်။ အင်ကြင်းမြိုင်ရွာက ဓနသိဒ္ဓိဘုန်းကြီးကျောင်းပေါ် ကျတယ်။ အသက် ၆၀ အရွယ်ရှိတဲ့ သီလရှင်တပါးဆုံးတယ်။ ဦးပဥ္စင်းတပါးနဲ့ ကိုရင်တပါး ထိခိုက်ဒဏ်ရာရတယ်။ ကိုရင်လေးက မျက်လုံးထွက်သွားတယ်ဗျ။ နောက်တခါ ဆည်တော်လေးဘက်ကျတော့ ချောင်းရဲ့ ဟိုဘက်ကမ်းလို့ ပြောတယ်။ အမျိုးသားတဦး သေဆုံးတယ်။ ဘုန်းကြီးကျောင်း၊ မယ်သီလရှင်ကျောင်း ထိမှန်ပျက်စီးတာရှိတယ်။ ညပိုင်းတွေဆိုရင် သန်းခေါင်သန်းလွဲ ချတာရှိတယ်။ အခုချတာဆိုရင် ညဦးပိုင်းလို့ ပြောလို့ရတယ်။ အထူးသဖြင့်က မြင်းခြံ-တောင်သာ-မလှိုင်ဘက်မှာဆို ဒီကောင်တွေလုပ်ရင် မနက် ၃ နာရီ၊ တခါတလေ ၂ ချက်ထိုး၊ ပါရာမော်တော်တွေ အဲလို အတွဲလိုက်တွေလေ။ ဆည်တော်ကြီးဘက် အင်ကြင်းမြိုင်ဘက်ကို လာချတယ်ဆိုတဲ့ အနေအထားကလည်း မတ္တရာအရှေ့ခြမ်းက ကျေးရွာပေါင်း ၂၅ ရွာလောက်က ကြိုရှောင်တာလေ။ သူတို့ဘက်က ဘယ်လိုကောက်ချက်ဆွဲပုံရလဲ ဆိုတော့ ဒီဘက်တွေက ဘုန်းကြီးကျောင်းတွေမှာ သွားပြီးနေမှာပဲဆိုတဲ့ ကောက်ချက်ဆွဲပုံရတယ်။ ချတာ ဘုန်းကြီးကျောင်းတွေ မယ်သီလရှင်ကျောင်းတွေချည်းပဲ ချတာ” လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
တောင်သာမြို့နယ် သံဘိုခလဖျားရွာ၊ မြင်းခြံမြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး မြေကြားရွာဝန်းကျင်၊ မြောက်ကျွန်းရွာဝန်းကျင် နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို အခွင့်အရေးရရင် ရသလို စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးဖို့ ပြင်ဆင်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြင်းခြံခရိုင်မှာ ကာလရှည် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် မကြာခင်အချိန်အတွင်းမှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ပြဿနာနဲ့ ကြုံတွေ့ရဖို့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံဒေသခံတယောက်က “၃ စီးထွက်လာလိုက်၊ ၅ စီးထွက်လာလိုက်နဲ့ တူရွင်းဘို့ဘက်ကနေ ကျော်မလာဘူး၊ နယ်မြေထဲကို ဝင်မရသေးဘူး၊ မြောက်ကျွန်းမှာ တိုက်ပွဲခဏဖြစ်တာလေ၊ တိုက်ပွဲခဏဖြစ်တော့ လေယာဉ်နဲ့လာကြဲတယ်။ ရွေးကောက်ပွဲက ကျနော်တို့မြင်းခြံ မပါဘူးလေ၊ မပါသေးဘူး။ ဆန်ဈေး ဆီဈေး မတက်သေးဘူး၊ လောလောဆယ် နယ်မြေတွေက ဆန်ရှိသေးတယ်လေ။ ဒီနှစ်ကတော့ စပါးမစိုက်ရတော့ အခက်အခဲတော့ ဖြစ်ဦးမှာပေါ့။ လောလောဆယ်က လက်ကျန်ဆန်တွေ ရှိသေးတာဆိုတော့လေ။ ကျနော်တို့ကကျတော့ မြစ်ရေတင်က လုပ်ပေးတာဆိုတော့ မီးကပျက်နေတော့ ဒီနှစ်တော့ ကျနော်တို့ ကိုင်းတာဘောင်၊ တံကျိုးတာဘောင်၊ ဆံမြိတ်ခုံ(ဆီမီးခုံ) ဘယ်မှစိုက်မရဘူး။ မီးကြိုးကပြတ်နေတာ မဆက်ရဲတာနဲ့ သူတို့ကလည်း မပေးတာနဲ့ သူတို့ဘက်ကဖြတ်တယ် ပြောပါတော့၊ ဆက်ခွင့်မပေးတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာလကုန်မှာပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း-မကွေး-မန္တလေး ဒေသတွင်းမှာ နယ်မြေစိုးမိုးမှုရဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေကို ဖိအားပေး တိုက်ခိုက်နေတာပါ။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်ကောင်စီက စက်တပ်လေထီး ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံ ပြည်သူတွေ အတည်တကျ နေထိုင်စရာမရှိတဲ့ အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။
သုတချမ်းသာ