
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ အနောက်ဘက်ရှိ သိမ်တော်ရွာက မြေးအဘိုး ၃ ယောက် ဝက်စာသွားရှာတဲ့အချိန် စစ်ကောင်စီလှည့်ကင်းကားနဲ့တွေ့ပြီး သေနတ်နဲ့ ပစ်ခက်ခံရတာကြောင့် အဘိုးနဲ့မြေးသေဆုံးကာ နောက်မြေးတယောက်က ခြေထောက်ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက် ဒီကနေ့ မနက်ပိုင်းမှာ ဝက်စာမရှိလို့ မြေးအဘိုး ၃ ယောက် ဆိုင်ကယ်ဘေးတွဲနဲ့ ဆားလင်းကြီးမြို့ပေါ်မှာ ဝက်စာသွားရှာတဲ့အချိန် စစ်ကြောင်း လှည့်ကင်းကားနဲ့တွေ့ပြီး ပစ်ခတ်ခံရတာလို့ မျက်မြင်ဒေသခံတယောက်က ပြောပါတယ်။
“စစ်တပ် ပတ်ကင်း လှည့်ကားနဲ့တွေ့ပြီး ပစ်ခံရတာ။ မြေးအဘိုးတွေက ဆိုက်တွဲနဲ့ ဝက်စာ အစာရှာထွက်တာ။ သိမ်တော်ရွာက ဦးဘဌေးတို့ မြေးအဘိုး ၃ ယောက်ဖြစ်ပြီး အမြဲ ဝက်စာလာယူနေကြ။ ခုက စစ်တပ်က လှည်းကင်း လှည့်နေတဲ့ကားနဲ့ တိုးလို့ သေနတ်နဲ့ပစ်ခံရတာ။”
အဘိုးနဲ့ မြေးတယောက်ကတော့ သေနတ်ပစ်ခံရတဲ့ နေရာမှာပဲ ဆုံးသွားပြီး နောက်မြေးတယောက်ကတော့ ခြေထောက်မှန်ပြီး ခြေထောက်ဖြတ်ရမယ်၊ အသက်အန္တရာယ်ပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူတွေက တောသူ တောင်သားတွေဖြစ်ကြကာ စားဝတ်နေရေး အဆင်မပြေကြလို့ မွေးထားတဲ့ဝက်တွေအတွက် အစာကို မြို့ပေါ်ကအိမ်တွေမှာ ထမင်းကျန်ဟင်းကျန်လေးတွေ တောင်းပြီး ကျွေးနေရတာလို့ ဒေသခံတွေဆီက သိရပါတယ်။