Home
မြန်မာသတင်း
ပခုက္ကူတွင် စက်တင်ဘာလအတွင်း စစ်တပ်ဘက်ပြောင်းသွားသူ တော်လှန်ရေးရဲဘော် ၈ ဦးထက်မနည်းရှိ
DVB
·
September 21, 2025
Photo : အလင်းဝင်မည့် PDF များ ကူညီချိတ်ဆက်ပေးရေး Telegram ချန်နယ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခုနှစ် စက်တင်ဘာလအတွင်း စစ်တပ်ဆီကို လက်နက်တွေနဲ့အတူ ဘက်ပြောင်းသွားတဲ့ တော်လှန်ရေးရဲဘော် ၈ ယောက်ထက်မနည်း ရှိတယ်လို့ ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ စစ်ကြောင်းတာဝန်ရှိသူတယောက်က “တော်လှန်ရေးရဲဘော်တွေ ရန်သူစစ်တပ်ဘက်ကို ပူးပေါင်းသွားတယ်ဆိုတာ သူတို့တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်မှုညံ့ဖျင်းလို့ပဲလို့ ပြောချင်တယ်။ အချို့တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကလည်း ကိုယ့်ရဲဘော်တွေကို အိမ်တော်ပါငယ်ကျွန်တွေလို သဘောထားတာတွေ တွေ့နေရတယ်။ အဖွဲ့ခေါင်းဆောင်တွေက အဆင်ပြေနေပြီး အောက်က ရဲဘော်တွေကို အငတ်ငတ်အပြတ်ပြတ်ထားတဲ့ တပ်ဖွဲ့ခေါင်းဆောင်တွေလည်း ရှိနေတယ်။ အဲဒါတွေကြောင့်လည်း ရဲဘော်တွေဟာ ရန်သူနဲ့ပူးပေါင်းသွားကြတယ်လို့ မြင်တယ်” လို့ DVB ကို ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က ပခုက္ကူမြောက်ဘက် အင်ပင် PDF စစ်ဆေးရေးဂိတ်က တော်လှန်ရေးရဲဘော် ၂ ယောက်ဟာ သေနတ် ၂ လက်နဲ့အတူ တပ်မ ၁၀၁ ထဲကို လက်နက်အပ်နှံပူးပေါင်းသွားသလို စက်တင်ဘာ ၁၂ ရက်နေ့မှာလည်း ပခုက္ကူမြို့နယ်၊ ကမ္မအနောက်ဘက် သာကြီးတောင်ရေနံမြေမှာ ကင်းတာဝန်ကျနေတဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်ဟာလည်း သေနတ် ၂ လက်နဲ့အတူ ကမ္မရဲစခန်းမှာ လက်နက်အပ်နှံပူးပေါင်းသွားခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူအခြေစိုက်တော်လှန်ရေးရဲဘော်တယောက်က “အခုလထဲမှာ ရန်သူ့ဆီကို လက်နက်တွေနဲ့အတူ ဘက်ပြောင်းလက်နက်ချသွားသူက ကျနော်တို့ဘက်ကရထားတဲ့ စာရင်းအရဆိုရင် ၁၀ ယောက်နဲ့အထက်မှာရှိတယ်။ အတိအကျရထားတဲ့ စာရင်းအရကတော့ ရဲဘော် ၈ ယောက် နဲ့ သေနတ် ၉ လက်ပါ။ သေနတ် ၉ လက်မှာလည်း အရှည်က ၈ လက်နဲ့ ပစ္စတို ၁ လက်ပါ” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့မှာလည်း ပခုက္ကူအရှေ့ဘက် ရေမျက်ကျေးရွာမှာအခြေစိုက်တဲ့ တော်လှန်ရေး ရဲဘော် ၄ ယောက်ဟာ သေနတ် ၅ လက်နဲ့အတူ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစစ်တပ်စခန်းဆီကို ပူးပေါင်းသွားခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ စစ်ကြောင်းတာဝန်ရှိသူတယောက်က “နောက်တချက်က ရန်သူနဲ့ပူးပေါင်းသွားသူတွေရဲ့ တော်လှန်ရေးအပေါ်မှာ ခံယူချက်၊ ယုံကြည်ချက်နဲ့ စိတ်ဓာတ်မခိုင်မာတာတွေဟာလည်း အဓိကကျတာပေါ့။ ရန်သူစစ်တပ်ဘက်ကလည်း ပြည်သူတွေဆီကနေ မတရားသဖြင့်ရထားတဲ့ ပိုက်ဆံတွေနဲ့ သူတို့ဆီကို ပူးပေါင်းလာသူတွေကို ဆုကြေးငွေထုတ်ပေးနေတာတွေလည်း ရှိနေတယ်” လို့ DVB ကို ပြောပါတယ်။

ပခုက္ကူမြို့နယ်အတွင်းမှာ စစ်တပ်ဆီကို လက်နက်နဲ့အတူ ပူးပေါင်းကြတဲ့ တော်လှန်ရေးရဲဘော်တွေကို စစ်တပ်ဘက်က ကျပ်သိန်း ၁၀၀ အထိ ပြန်လည်ပေးအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကာလဟာလည်း ၄ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်တဲ့အတွက်ကြောင့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ပြည်တွင်း ပြည်ပက ထောက်ပံ့ပေးမှုတွေ လျော့နည်းလာနေသလို တော်လှန်ရေးရဲဘော်အသစ် ဝင်ရောက်တာလည်း နည်းပါးလာနေတယ်လို့ ပခုက္ကူအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013