
စစ်ကောင်စီတပ်က အရာရှိ၊ စစ်သည်တွေအနေနဲ့ လူမှုကွန်ရက်မှာ စစ်တပ်ယူနီဖောင်းနဲ့ရိုက်ပြီး တင်ထားတဲ့ ဓာတ်ပုံတွေရှိရင် စက်တင်ဘာ ၂၈ ရက်နောက်ဆုံးထားပြီး ဖယ်ရှားဖျက်ပစ်ဖို့ စစ်တပ်ထဲမှာ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်အသုံးပြုတဲ့ အရာရှိ၊ စစ်သည်တွေ တပ်မိသားစုဝင်တွေအနေနဲ့ Facebook၊ Tiktok၊ Telegram နဲ့ အခြားလူမှုပလက်ဖောင်းတွေမှာ စစ်ယူနီဖောင်းနဲ့ တင်ခဲ့သမျှပုံတွေကို စက်တင်ဘာ ၂၈ ရက်အတွင်း ဖယ်ရှားဖျက်ပစ်ဖို့ စက်တင်ဘာ ၂၀ ရက်က ညွှန်ကြားခဲ့တာလို့ စစ်ရေးသတင်းအမြစ်က DVB ကို ပြောပါတယ်။
“တပ်က အရာရှိ၊ စစ်သည်တွေက Facebook နဲ့ Tiktok မှာ ယူနီဖောင်းနဲ့တင် သေတဲ့အခါ အဲဒီပုံတွေက မီဒီယာဆီရောက်ပြီး အရှက်ကွဲတာရယ်၊ စစ်တပ်ကမှန်း ချုံခိုတိုက်ခိုက်ရတဲ့ ဖြစ်စဥ်တွေကြောင့် မတင်ခိုင်းတာ၊ တင်ပြီးရင်လည်း ဖျက်ဖို့ အမိန့်ပေးထားတယ်။”
ဒီညွှန်ကြားချက်မှာ အရာရှိ၊ စစ်သည်တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့မဟုတ်ဘဲ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် စစ်ဗိုလ်ချုပ်တွေရဲ့ လုံခြုံရေးကို စစ်ခေါင်းဆောင်အနေနဲ့ ကြိုတင်ကာကွယ်ပေးတာလို့ အငြိမ်းစားစစ်မှုထမ်းဟောင်းတယောက်က DVB ကို ပြောပါတယ်။
နေပြည်တော် စစ်ရုံးကတဆင့် တပ်တွင်း အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ စည်းရုံးရေးကော်မတီ၊ တပ်မိသားစု စည်းရုံးရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွေကို စက်တင်ဘာ ၂၀ ရက်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
သတင်းမီဒီယာခေတ် ဖြစ်လာတာနဲ့အမျှ လူမှုကွန်ရက် အသုံးပြုရာမှာ မိမိတပ်ဂုဏ်သတင်း မှေးမှိန်စေတဲ့ လုပ်ဆောင်ချက်တွေ မဖြစ်အောင် တဦးချင်းအသိတရားနဲ့ အသုံးပြုဖို့လိုသလို တာဝန်ရှိသူတွေကလည်း အမြဲတမ်းစစ်ဆေးနေဖို့ စက်တင်ဘာ ၁၉ ရက်က ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။