မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲမှာ စစ်တပ်လက်အောက်ခံတွေ ဝှက်ထားခဲ့တဲ့ ခဲယမ်းတချို့ကို စက်တင်ဘာ ၁၇ ရက်နေ့မှာ သိမ်းဆည်းရရှိခဲ့တယ်လို့ ထီးလင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းဒဿ က “တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ထီးလင်းမြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့အခါမှာ တောတွင်းတနေရာကနေ စစ်သားတွေ ဝှက်ထားခဲ့တဲ့ ခဲယမ်းတွေကို ရှာဖွေသိမ်းဆည်းရရှိခဲ့ကြတာ” လို့ ပြောပါတယ်။
သိမ်းဆည်းရရှိခဲ့တဲ့ ခဲယမ်းတွေဟာ RPG ထိပ်ဖူး ၂ လုံး၊ ၆၀ မမ လက်နက်ကြီးကျည် ၂၃ လုံး နဲ့ အီနာဂါဗုံးသီး ၂ လုံးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ် ပကဖ တာဝန်ခံ ဗိုလ်ဂဠုန် က “ထီးလင်းနယ်တဝိုက်ကို စစ်တပ်ဘက်က စစ်ကြောင်းထိုးတာတွေနဲ့ စစ်ကြောင်း ဖြတ်သွားဖြတ်လာလုပ်တာတွေကတော့ လတိုင်းလိုလို ရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ဘယ်စစ်ကြောင်းကနေ လမ်းမှာဝှက်ထားခဲ့တဲ့ ပစ္စည်းတွေလဲ ဆိုတာကတော့ အတိအကျပြောလို့မရဘူးဗျ။ အခုသိမ်းဆည်းရရှိခဲ့တဲ့ ခဲယမ်းတွေဟာလည်း ဂန့်ဂေါခရိုင် YRA တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းရေးဆောင်ရွက်ချိန်မှာ တောထဲတနေရာကနေ ရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြတာပါ” လို့ DVB ကို ပြောပါတယ်။
ထီးလင်းမြို့ပေါ်မှာ မြို့စောင့်တပ်အဖြစ်အင်အား ၁၀၀ ဝန်းကျင်သာရှိတဲ့ စစ်တပ် လက်အောက်ခံတွေဟာ ထီးလင်းမြို့အနီးအနားကျေးရွာတွေကို တခါတရံ စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ်လက်အောက်ခံ ကပစ ၂၄ ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကြောင်းကတော့ ထီးလင်းမြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို လေကြောင်းကနေလည်း အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ ပေါက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။