
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ်ကရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့ကျေးရွာကို ဗမာပြည်ကာကွယ်ရေးတပ် (United States Of Burma Army-USBA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးပြီး စစ်တပ်ထုတ်ကုန်တွေကို ဖျက်ဆီးခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အခု ကျနော်တို့ ပူးပေါင်းအဖွဲ့တွေဝင်ရောက်ပြီး စစ်တပ်ထုတ်ကုန်တွေကို ဖမ်းဆီးစစ်ဆေးဖျက်ဆီးခဲ့ကြတဲ့ကျေးရွာက မင်းတုန်းမြို့နဲ့ မထုံးချောင်းပဲခြားတဲ့ မင်္ဂလာဦးရွာမှာပဲ ဖြစ်ပါတယ်။ ဖမ်းဆီးဖျက်ဆီးခဲ့တဲ့ စစ်တပ်ထုတ်ကုန်တွေကတော့ ဘီယာ၊ ဆေးလိပ်၊ မိုင်တဲဆင်းမ်ကတ်တွေနဲ့ ကြံ့တံဆိပ် ဘိလပ်မြေအိတ်တွေဖြစ်ပါတယ်” လို့ ပြောပါတယ်။
မင်္ဂလာဦးကျေးရွာဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအပြည့်အဝရှိပြီး စစ်တပ်ဘက်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေအပြင် အစမ်းမဲပေးလေ့ကျင့်တာတွေကိုလည်း ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွာနဲ့ မီတာ ၃၀၀ အကွာလောက်က မင်းတုန်းမြို့အစွန်မှာ စစ်သားအင်အား ၅၀ လောက်နဲ့ အထိုင်ချထားတဲ့ မိုက်ခရို စစ်ဆေးရေးဂိတ်ရှိပေမယ့် ရွာထဲအထိဝင်ပြီး စျေးဆိုင်တချို့ကို စစ်ဆေးရင်း စစ်တပ်ထုတ်ကုန်တွေကို ဖမ်းဆီးဖျက်ဆီးခဲ့တာလို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) တာ၀န်ခံ ကိုဗဟိန်း က ပြောပါတယ်။
“ဖျက်ဆီးခဲ့တဲ့ စစ်တပ်ထုတ်ကုန်တွေက တန်ဖိုးငွေအားဖြင့်တော့ ၅ သိန်းဖိုးလောက်ရှိချင် ရှိမှာပေါ့။ မင်းတုန်းနယ်ထဲမှာ အရင်ကတည်းက စစ်တပ်ထုတ်ကုန်တွေ မရောင်းချကြဖို့ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က သတိပေး ထုတ်ပြန်ထားတာတွေ ရှိခဲ့ပေမယ့် လိုက်နာတာ အားနည်းတာကြောင့် ပြည်သူမျက်နှာကိုထောက်ထားပြီး ပိုင်ရှင်တွေကို ဘာမှမလုပ်ခဲ့ပါဘူး။ စစ်တပ်ထုတ်ကုန် ပစ္စည်းတွေကိုပဲ အရေးယူတဲ့အနေနဲ့ ဖျက်ဆီးခဲ့တာ။ အခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့စစ်တပ်ဘက်က ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတဲ့ရွာမှာ ရွေးကောက်ပွဲအတွက် မလုံခြုံဘူးဆိုတာ လုပ်မယ့်သူတွေသိဖို့ သတိပေးတဲ့သဘောရယ်၊ စစ်တပ်ထုတ်ကုန်တွေကို ပြတ်ပြတ်သားသား လက်မခံဘူးဆိုတာ သိဖို့ရယ်၊ ရွေးကောက်ပွဲလုပ်တဲ့ နေရာတွေကို ၀င်ရောက်စီးနင်းတာမျိုးတွေ အချိန်မရွေးဖြစ်လာနိုင်တယ်ဆိုတာသိဖို့တွေအတွက် အခုလို သတိပေးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” လို့ DVB ကိုပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တာတွေမလုပ်ကြဖို့ ထပ်မံသတိပေးတိုက်တွန်းလိုတယ်လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မင်းတုန်းမြို့နယ်ရဲ့ရာခိုင်နှုန်းတဝက်လောက်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်နေတယ်လို့လည်း မင်းတုန်းအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။