Home
ဆောင်းပါး
စက္ကူကျားက ချန်ခဲ့တဲ့ အတွေးများနဲ့ ရွေးကောက်ပွဲ
DVB
·
September 18, 2025

အပိုင်း ၈၀ ပါတဲ့ စက္ကူကျားစာအုပ်ကို ဘာသာပြန်ပြီးတဲ့အခါ ၂၀၁၅ ခုနှစ်ထိ တရုတ်လူ့အဖွဲ့အစည်းကို ပိုပြီး နားလည်သဘောပေါက်ခွင့် ရပါတယ်။ တကယ်တော့ ၂၀၁၅ ကနေ ၂၀၂၅ ခုနှစ်ထိ ဆယ်နှစ်တာကာလက တရုတ်ပြည်အတွက် ပိုပြီး စိတ်ဝင်စားစရာ အပြောင်းအလဲတွေများတဲ့ ကာလလို့ ဆိုရမှာပါ။ အထူးသဖြင့် ကိုဗစ်ရောဂါရဲ့ အစအဦး ကာလကနေ ကိုဗစ်အလွန်ကာလအတွင်း တရုတ်လူ့ဘောင်မှာ လူတွေရဲ့ အနေအထိုင် အတွေးအခေါ် အပြုအမူတွေ ပြောင်းလဲမှုဟာ စိတ်ဝင်စားစရာပါပဲ။ ဒီဆယ်စုနှစ်ကာလကို စာရေးဆရာ ရှုကျူယွန်က ထပ်ရေးမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ကမ္ဘာ့နိုင်ငံရေးတွေကို စိတ်ဝင်စားပြီး လူ့ရပိုင်ခွင့်အရေးတွေကို စိတ်ဝင်စားတဲ့ လူငယ်တွေ များလာတာကိုလည်း သတိထားမိပါတယ်။

ရှုကျူယွန် ပြောခဲ့သလို တရုတ်လူ့ဘောင်ရဲ့ ပြဿနာတွေဟာ တရုတ်ကွန်မြူနစ်ပါတီမှာ မြစ်ဖျားခံပါတယ်။ စီစီပီဟာ သူ့အတွင်းက နိုင်ငံရေး ဘယ်လိုပဲ ရှုပ်ထွေးနေနေ ပါတီအနေနဲ့ မပြိုမလဲ အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ရေးကိုပဲ အစဉ်အမြဲ ဦးစားပေးခဲ့တာကို တွေ့ရမှာပါ။ အခုလောလောဆယ်မှာလည်း ရှီကျင့်ဖျင်ရဲ့ အခြေအနေက မကောင်းတော့ဘဲ ပါတီတွင်း အပြိုင်အဆိုင်တွေ သိပ်များနေသလို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် ပီအယ်လ်အေထဲ မှာလည်း အာဏာပြိုင် ဖြုတ်ထုတ်မှုတွေ များနေပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ခံထားရပြီး စားဝတ်နေရေးဖူလုံမှု အတန်အသင့်ကနေ အလျှံအပယ်ထိ ရှိနေပြီ ဖြစ်တဲ့အတွက် တရုတ်လူ့ဘောင်ဟာ စုပေါင်းရုန်းကန်ထကြွဖို့ ခက်ခဲနေဆဲပါ။

သူတို့ထဲမှာ ပြဿနာဟာ ကွန်မြူနစ်အာဏာရှင်စနစ်နဲ့ စီစီပီ ကိုယ်တိုင်လို့ သိနေကြပေမဲ့ အဲဒီနှစ်ခုရဲ့ ပုံသွင်းမှုကို ဆယ်စုနှစ်ပေါင်းများစွာ ခံခဲ့ကြ ခံနေကြရဆဲ လူ့ဘောင်အနေနဲ့တော့ အပြောင်းအလဲကို ကိုယ်တိုင်စွမ်းဆောင်နိုင်ဖို့ ခက်ခဲနေကြဆဲပါ။ ဒါကြောင့် ဒီကနေ့ တရုတ်ပြည်မှာ အလွန့်အလွန်ဆုံး မျှော်လင့်နိုင်မှာက စီစီပီရဲ့ ခေါင်းဆောင်အပြောင်းအလဲသာ ဖြစ်ပါတယ်။ လူထုကို ဖိနှိပ်တဲ့ ကွန်မြူနစ် အာဏာရှင်စနစ်နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ ကျဆုံးသွားအောင်ထိ မျှော်လင့်ဖို့ကတော့ အတော်လေး အလှမ်းဝေးနေသေးတယ်လို့ ဆိုရမှာပါ။

ဒီနေရာမှာ တရုတ်လူ့ဘောင်ရဲ့ လူနေမှုတွေးခေါ်ပြုမူပုံတွေဟာ မြန်မာ့လူ့ဘောင်နဲ့ အတော်ကြီး နီးနီးစပ်စပ် တူနေတာကိုလည်း သတိထားမိရမှာပါ။ ရှုကျူယွန်က “စီစီပီ အပေါ် လူထုရဲ့ ဒေါသနဲ့ မကျေနပ်မှုတွေကတော့ အခုထိလည်း တစစီ ကွဲပြားပြီး အစီအစဉ်မဲ့နေကြတုန်းပါပဲ။ ပါတီရဲ့ အတိုက်အခံတွေဟာလည်း အထွေထွေလူထုရဲ့ အဆုံးအဖြတ် အကျပ်အတည်းအပေါ်က ဖိအားကို ဖယ်ရှားဖို့အတွက် မတတ်နိုင်နေပါဘူး။ ဒီလို မီးပွါးကျလာလိုက် မီးသတ်သမား ပေါ်လာလိုက်ဆိုတဲ့ ကစားနည်းဟာ ဆက်ပြီး အဓွန့်ရှည်နေဦးမှာတဲ့လား” လို့ ရေးခဲ့ပါတယ်။ မြန်မာ့လူ့ဘောင်မှာ အခု ဖြစ်နေတာတွေဟာလည်း မီးမလောင်အောင် မီးပွါးမကျအောင် တားနိုင်နေတာမျိုး မဟုတ်ဘဲ နွေဦးဘက်ခြမ်းဟာ မီးသတ်သမားလို မီးလိုက်ငြှိမ်းဖို့ ကြိုးစားတာမျိုး ဖြစ်နေတယ်လို့ ဆိုရမှာပါ။

စစ်ကော်မရှင်လို့ နာမည်ပြောင်းပြီး ရွေးကောက်ပွဲလုပ်ဖို့အတွက် အခင်းအကျင်းတွေကို တက်သုတ်ရိုက် ပြင်ဆင်လာတဲ့အခါ လူထုက အန်ယူဂျီနဲ့ နွေဦးဘက်တော်သားတွေဆီက တိကျတဲ့ သတင်းစကားကို မျှော်ကြပါတယ်။ “ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ဆိုတဲ့ ယေဘုယျဆန်လွန်းတဲ့ မူဝါဒလောက် ပြောဆိုနေကြတာဟာ မီးသတ်သမားက မီးငြှိမ်းဖို့ ကြိုးစားတဲ့အဆင့်တောင် မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် စစ်အစိုးရတွေရဲ့ မီးဘေးကာကွယ်ရေးလုပ်ထုံးလို အိမ်မှာ ၅-၉ ကြွပ်ကြွပ်အိတ်လေးတွေနဲ့ ရေထည့်ပြီး မီးဘေးကာကွယ်ရေး လုပ်ပါလို့ ဆိုနေသလို ဖြစ်နေပါတယ်။

ဒီလောက် ကာကွယ်ရုံနဲ့တော့ တမြို့လုံး ပြာကျသွားမှာ စိုးရိမ်စရာပါ။ အခြေခံစဉ်းစားချက်မှာ “ဆန့်ကျင်”ဖို့ ဖြစ်ပေမဲ့ “ဘယ်လို” နဲ့ “ဘယ်လောက်”၊ “ဘယ်နေရာတွေမှာ” “ဘယ်တော့ကတည်းက” စတဲ့ ဖြန့်ကျက်ခြုံငုံတဲ့ လမ်းညွှန်သတင်းစကားတွေ လိုအပ်ပါတယ်။ “စစ်မှုထမ်းဥပဒေ” တုန်းကတည်းက ပြည်သူနဲ့ “တော်လှန်ရေးအုပ်စု” ကို စတင်ခွဲထုတ်လိုက်နိုင်တယ်လို့ တွေးကြည့်စေချင်ပါတယ်။ ဒီဥပဒေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေမှာ အဆိုးဆုံးက ပြည်သူဟာ စုပေါင်းဖြေရှင်းနည်းကို စတင်စွန့်လွှတ်ပြီး တဦးချင်းထွက်ပေါက်ကို စတင်ရွေးချယ်ခဲ့တယ်လို့ ဆိုရပါမယ်။ တအိမ်ချင်း တမိသားစုချင်းက အဂတိနည်းနာကို သုံးပြီး ကိုယ့်သား ကိုယ့်လူ တယောက်ချင်းအတွက် ထွက်ပေါက်ကို ရှာဖြစ်ခဲ့တာပါ။ ဒါဟာ အမှားလို့ မဆိုနိုင်ပေမဲ့ အဲဒီလိုမလုပ်ရင် ဘယ်လိုလုပ်လို့ ရနိုင်လဲ ဆိုတာကို တိကျတဲ့ သတင်းစကား မပါးခံကြရတာဟာလည်း အကြောင်းတခုပါပဲ။ သူ့စစ်မှုထမ်းမယ့်အစား နွေဦးစစ်မှုလာထမ်းကြပါလို့ ဖိတ်ခေါ်မှုဟာလည်း ၅-၉ ကြွပ်ကြွပ်အိတ်နဲ့ သဲထည့်ပြီး မီးဘေးကာကွယ်ရေး လုပ်ရသလို ဖြစ်ခဲ့တာပဲလို့ ခုချိန်မှာ ပိုသဘောပေါက်ရပါတယ်။

ရှောင်လွှဲမရလောက်အောင် ဖိအားတွေ ရောက်လာရင် တဦးချင်းအနေနဲ့ ဘယ်လိုရင်ဆိုင်သင့်တယ်၊ စုပေါင်းပြီး ဘယ်လိုလုပ်သင့်တယ် ဆိုတာကို တိကျတဲ့ လမ်းညွှန်မှုတွေ ရှိခဲ့ရင်တော့ ပိုပြီး အဆင်ပြေမှာ သေချာတာပေါ့။ ဒီတော့ ရွေးကောက်ပွဲမှာလည်း ဒီလိုပါပဲ။ နောက်က မီးလိုက်ငြှိမ်းရတဲ့ မီးသတ်သမားနေရာကနေပဲ စဉ်းစားကြည့်မယ် ဆိုရင်တောင် ပြည်သူကို တော်လှန်ရေးဘက်တော်သားတွေရဲ့ အခြေခံကျတဲ့ ယူနစ်အနေနဲ့ ထည့်သွင်းပြီး လေးစားစွာ အသိပေး အကြောင်းကြားဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် ပြည်သူဟာ သီးခြားယူနစ်အဖြစ် သူ့သဘော သူဆောင်ပြီး စဉ်းစားတွေးခေါ် ပြုမူဆုံးဖြတ်သွားဦးမှာပါ။ အထူးသဖြင့် တကိုယ်ရည်ထွက်ပေါက်တွေကိုပဲ ဦးစားပေး ရွေးချယ်ကြဦးမှာ ဖြစ်ပါတယ်။

စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲရဲ့ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမှာဖြစ်ပြီး ဒုတိယပိုင်းကိုတော့ ၂၀၂၆ ခုနှစ်ဆန်းမှာ ကျင်းပမယ်လို့ ဩဂုတ်လ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ ဘာတွေ ကြေညာခဲ့သေးလဲဆိုတော့ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်တာနဲ့ “ပါတီစုံအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကို ဇူလိုင် ၂၉ ရက်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပါ ပုဒ်မ ၅၊ ၇၊ ၈ တို့ကို ရပ်စဲခဲ့ကြောင်းကို ဩဂုတ်လ ၁၆ ရက်တို့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ “ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်” ဆိုတာကို ကျင့်သုံးမယ်လို့လည်း ပြောထားပါတယ်။ တနည်းအားဖြင့် ကိုယ်စားလှယ်ကို ရွေးရတာရယ် ပါတီကို ရွေးရတာရယ်ကို ရောထားပြီး မဲလာပေးသူ အများကြီးမလိုဘဲ ကိုယ်စားလှယ် အရေအတွက် အလုံအလောက် ထွက်သွားအောင် ကြံထားဖန်ထားတဲ့နည်းပေါ့။ ဒါကို အတုအယောင် ရွေးကောက်ပွဲမို့ ဂရုစိုက်စရာ မလိုဘူးလို့ အလွယ်မပယ်ချဘဲ နွေဦးဗျူဟာ တပ်ဆင်နိုင်ဖို့ လုပ်ကြမှ တော်ကာကျမှာပါ။ ဒေသအလိုက် မြေပြင်အနေအထားတွေအရ ဘယ်နေရာမှာဆို ဘယ်လိုဖြတ်သန်းပါဆိုတဲ့ လက်တွေ့ကျပြီး လူထု ပါဝင်ပူးပေါင်းနိုင်မယ့် ဗျူဟာကို ဆုံးဖြတ်ပြီး လူထုကို အသိပေးဖို့ လိုပါမယ်။ ဒီဗျူဟာအသေးစိတ်ကို လူထုကို အကြောင်းကြားရာမှာလည်း သမားရိုးကျ မီဒီယာပလက်ဖောင်းတွေကတဆင့် အသိပေးတာထက် ဗျူဟာမြောက် အသိပေးမှုဖြစ်အောင် ဒေသဆိုင်ရာ အစုအဖွဲ့တွေကတဆင့် အသိပေးတာမျိုး လိုအပ်မှာပါ။ ဥပမာ - ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးကလူတွေအတွက်ဆို ဘယ်လိုလုပ်သင့်တယ်၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက်ဆို ဘယ်လိုဗျူဟာ၊ ပြည်တွင်း ကျေးလက်လူထုအတွက်ကတော့ နေရာဒေသအလိုက် ဘယ်လိုဗျူဟာ စသဖြင့် ပြင်ဆင်ထားဖို့လည်း လိုပါမယ်။ ရွေးကောက်ပွဲ ကျင်းပလို့မရအောင် လုပ်မှာပေါ့လို့ စစ်ရေးဗျူဟာသက်သက်ကို မူတည်ပြီး ဘာပြင်ဆင်ချက်မှ မလိုဘဲ မရွေ့မိကြဖို့ကလည်း အရေးကြီးပါတယ်။

ဗျူဟာကောင်းတွေ တွေးမိ စဉ်းစားမိကြရင်လည်း ဆိုရှယ်မီဒီယာတွေမှာ တက်ရှယ်ကြပြီး စစ်ကော်မရှင်ကို သတင်းပေးတာမျိုး မဖြစ်အောင် သတိထားကြဖို့လည်း လိုတာပေါ့။ ဒီပလက်ဖောင်းပေါ်ကနေ ရလာတဲ့ အချက်အလက်တွေကို အခြေခံပြီးပဲ တော်လှန်ရေးကို တန်ပြန်နိုင်ဖို့ ဗျူဟာတွေကို စစ်ကော်မရှင်အုပ်စုက အားထုတ်နေတာပါ။ နွေဦးဘက်တော်သားတွေမှာ မြေပြင်က ကွန်ရက်တွေကို သီးခြားဆက်သွယ်ပြီး ရွေးကောက်ပွဲဆိုင်ရာ နည်းဗျူဟာတွေကို မြေပြင်လူထုအသီးသီး သဘောပေါက်သွားအောင် လုပ်နိုင်မှ အဆင်ပြေမှာ ဖြစ်ပါကြောင်း။  ။

မသီတာ-စမ်းချောင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024