Home
မြန်မာသတင်း
CDM ဝန်ထမ်းများကို စစ်ကောင်စီက ခြိမ်းခြောက် အကြွေးတောင်း
DVB
·
September 17, 2025

NLD အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံ့ဝန်ထမ်းတွေကို အတိုးမဲ့ ၂ လစာ ထုတ်ချေးပေးထားခဲ့ပေမဲ့ CDM လုပ်သွားတဲ့ ဝန်ထမ်းတွေ ချေးငွေပြန်ဆပ်ဖို့နဲ့ မဆပ်ရင် အမှုဖွင့် အရေးယူမယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေထံ ခြိမ်းခြောက်စာတွေ ပို့နေပါတယ်။

စက်တင်ဘာလ ပထမအပတ်ကနေစပြီး ကိုဗစ်ချေးငွေ မဆပ်ရသေးတဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက CMD ဝန်ထမ်းတွေ အပါအဝင် တခြားဌာနဆိုင်ရာ ဝန်ထမ်းတွေကို စစ်ကောင်စီက အကြောင်းကြားစာတွေ ပေးပို့ခဲ့တာလို့ ဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။

အကြောင်းကြားစာထဲမှာတော့ နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က ထုတ်ပေးထားတဲ့ အတိုးမဲ့ ချေးငွေ ၂ လစာကို စာလက်ခံရရှိပြီး တလအတွင်း ပြန်ဆပ်ရမှာဖြစ်ပြီး ပြန်မဆပ်ပါက အမှုဖွင့် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပါရှိပါတယ်။

အရင်အစိုးရက ထောက်ပံ့ငွေသဘော ပေးထားတဲ့ငွေကို အခုလို ကုန်ဈေးနှုန်း မြင့်တက်နေတာကြောင့် စားဝတ်နေရေးနဲ့ အစစအရာရာ အကျပ်အတည်းတွေကြားမှာ ဒီလို ငွေပြန်တောင်းတာဟာ မဖြစ်သင့်သလို ချေးငွေပြန်မဆပ်နိုင်တဲ့ ဝန်ထမ်းတချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိနေတယ်လို့ ပဲခူးမြို့က ဌာနဆိုင်ရာ ဝန်ထမ်းတယောက်က ပြောပါတယ်။

“ဒီခေတ် ဒီကာလကြီးမှာ စားဝတ်နေရေး အစစအရာရာ ကျပ်တည်းနေရတဲ့ကြားထဲ အခုလို ဖြစ်လိုက်တယ် ဆိုတာက Non CDM ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပြည်သူပဲလေ။ ဒါ ပြည်သူကို အကျပ်ရိုက်စေတာပဲ။ ဒါ အရင်ကာလက ထုတ်ပေးထားတယ် ဆိုတာကလည်း အသိစိတ်တွေထဲမှာက အရင်အစိုးရရဲ့ ထောက်ပံ့ငွေလို့ပဲ သတ်မှတ်ယူထားတာလေ။ အရင်ကလည်း ထောက်ပံ့ငွေပုံစံပဲ ပေးထားတာလေ။ ဒါကို ဒီကာလမှ ပြန်ဆပ်ရမယ့်ငွေ အတင်းဖိအားပေးတာက Non CDM တွေအပေါ်  ခွဲခြားပြီးတော့မှ အရေးယူမှုလုပ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်ပေါ့။ တချို့ဆို ရွာတွေဘက် ရှောင်သွားတဲ့လူတွေလည်း ရှိတယ်လို့ ကြားမိတယ်ပေါ့။”

စစ်ကောင်စီဟာ အာဏာသိမ်းစကတည်းက တချို့ဒေသတွေက အစိုးရဝန်ထမ်းတွေကို ကိုဗစ်ချေးငွေတွေ ပြန်လည်တောင်းယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မွန်ပြည်နယ်က ပညာရေးနဲ့ မီးရထားဝန်ထမ်းတွေကတော့ ၂၀၂၂ ခုနှစ်ကတည်းက ကိုဗစ်ချေးငွေတွေကို လစာထဲက တလ ကျပ် ၁၀,၀၀၀ နှုန်းဖြတ်ပြီး ၂ နှစ်ကျော်ကြာ ပေးဆပ်ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးအကျပ်အတည်းကြောင့် ငွေကြေးလိုအပ်ချက်တွေ ရှိနေတဲ့အတွက် ဝန်ထမ်းတွေဆီက ငွေပြန်တောင်းတယ်လို့ မြင်ကြောင်း မြစ်ကြီးနားမြို့က CDM ဝန်ထမ်းတယောက်က ပြောပါတယ်။

“အကြွေးတွေ ပြန်တောင်ဆပ်ပြီးပြီထင်တာ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ဟိုးအရင်ကတည်းကနေ ကျနော်တို့ဆီလည်း လာပြီးတော့ ပိုက်ဆံတွေ တောင်းတယ်။ သူတို့မှာလည်း လိုငွေတွေပြနေတယ်ဆိုတော့ အရင်အတည်းက ဆပ်ပြီးပြီထင်တာ။ ဒါပေမဲ့ အခုချိန်မှ ပြန်ပြီးတောင်းတယ် ဆိုတော့လည်း သေချာတယ်၊ သူတို့က အမြဲတမ်း ငွေက လိုနေတာလေ။ ဒီရတဲ့ငွေနဲ့လည်း ပြည်သူတွေကို ပြန်ပြီးတော့ သတ်ရမယ့်အလုပ် ရှိနေတော့ သူတို့အတွက် ငွေက လိုအပ်တယ်။ ဒါကြောင့် NON CDM တွေဆီက ငွေပြန်တောင်းတယ်လို့ မြင်ပါတယ်။”

စစ်ကောင်စီက ပြည်သူလူထုအပေါ်တင်မက သူတို့ရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပေါ်မှာပါ ချေးငွေတွေ ပြန်တောင်းသလို အကြောင်းကြားစာတွေမှာ ပါတဲ့အတိုင်း တကယ်အရေးယူမှုတွေ လုပ်ဆောင်လာမယ်လို့ မြင်ကြောင်း လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လွတ်လပ်သော CDM နိုင်ငံဝန်ထမ်းထု အဖွဲ့အစည်းမှ ဒေါက်တာလွမ်းဝေက “စစ်ကောင်စီနဲ့ ဆက်ပြီးကျန်ခဲ့တဲ့ ဝန်ထမ်းတွေမှာ သူတို့ရဲ့ အကြောင်းအမျိုးမျိုး ရှိကြလိမ့်မယ်။ ပိုအဆင်ပြေမယ်လို့ ယုံကြည်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမဲ့ ဒီနေရာမှာ ဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ပျက်ပြယ်နေပြီဆိုတာကို သတိချပ်စေချင်တယ်ပေါ့။ ဒီ စစ်ကောင်စီ မပြုတ်မကျမချင်း ပြည်သူလူထုက ပိုပြီးတော့ ဆင်းရဲတွင်းနက်တဲ့ အခြေအနေ၊ နိုင်ငံရေး ကမောက်ကမဖြစ်တဲ့ အခြေအနေ၊ စီးပွားရေးစနစ်တွေ ပြိုလဲတဲ့အခြေအနေ ဒါတွေကို ကျနော်တို့ သေချာပေါက် ရင်ဆိုင်ရမယ်။ စစ်ကောင်စီ အုပ်ချုပ်နေသရွေ့ ပိုပိုဆိုးလာလိမ့်မယ်။ ပြည်သူ့ဝန်ထမ်းတွေက အမြန်ဆုံး ဒီဟာကို ရတဲ့နည်းလမ်းနဲ့ ရရာနေရာကနေ တော်လှန်နေဖို့ လိုတယ်” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်က အချက်အလက်တွေအရ နိုင်ငံ့ဝန်ထမ်းဦးရေ ၁ သန်းနီးပါးရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ CDM ဝန်ထမ်းဦးရေ ၄ သိန်းကျော်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင် ပြန်ဝင်သွားတဲ့ ဝန်ထမ်းတွေလည်း ထောင်ချီ ရှိနေတယ်လို့ သိရပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013