Home
မြန်မာသတင်း
ထာဝရအာဏာရှင်စနစ်ဆီ ဦးတည်နေသည့် ရွေးကောက်ပွဲကို ကမ္ဘာ့သမဂ္ဂများအဖွဲ့ချုပ် ကန့်ကွက် ရှုတ်ချ 
DVB
·
September 16, 2025
Photo: DSINFO

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ ထာဝရအာဏာရှင်စနစ်ဆီ ဦးတည်နေကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာလုံးဆိုင်ရာသမဂ္ဂအဖွဲ့ချုပ် (GUFs) အပါအဝင် အဖွဲ့အစည်းတွေက စက်တင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပူးတွဲကြေညာပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကိုတော့ အပြည်ပြည်ဆိုင်ရာ ပြည်တွင်းအလုပ်သမားများ အဖွဲ့ချုပ် (IDWF)၊ အပြည်ပြည်ဆိုင်ရာ သတင်းထောက်များအဖွဲ့ချုပ် (IFJ)၊ နိုင်ငံတကာကုန်သွယ်မှု သမဂ္ဂအဖွဲ့ချုပ် (ITUC)၊ အာရှ-ပစိဖိတ်နဲ့ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအဖွဲ့ချုပ် (ITF) တို့အပါအဝင် အဖွဲ့အစည်းပေါင်း ၁၀ ခုက လက်မှတ်ရေးထိုးထားပြီး ဒါက ဒီမိုကရေစီရဲ့ အန္တရာယ်ကြီးတဲ့ လှောင်ပြောင်မှုနဲ့ စစ်အုပ်ချုပ်ရေးကို အမြစ်တွယ်ဖို့ တွက်ချက်ထားတဲ့ လုပ်ကြံမှု ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စာနယ်ဇင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ အရပ်သားတွေအပေါ် စနစ်တကျ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်နေတဲ့ကြားကပဲ ခုလို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆက်လက်ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးကာ သောင်းနဲ့ချီ ထိန်းသိမ်းခံခဲ့ရသလို သန်းပေါင်းများစွာသော ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

ဒါတွေက လွတ်လပ်ပြီး တရားမျှတတဲ့၊ ဒါမှမဟုတ် အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေအတွက် အခြေအနေတွေ မဟုတ်ကြောင်းနဲ့ စစ်အုပ်စုရဲ့ “လမ်းပြမြေပုံ” ကို သွေးထွက်သံယို ခြိမ်းခြောက်မှုတွေနဲ့ ခင်းထားခြင်းဖြစ်ကာ ထာဝရအာဏာရှင်စနစ်ဆီသာ ဦးတည်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ ကမ္ဘာလုံးဆိုင်ရာသမဂ္ဂအဖွဲ့ချုပ် (GUFs) အပါအဝင် အဖွဲ့အစည်းတွေက ဒီအတုအယောင် ရွေးကောက်ပွဲတွေကို ငြင်းပယ်ဖို့နဲ့ သူတို့ရဲ့ တရားဝင်မှု၊ ရလဒ် ဒါမှမဟုတ် ဖွဲ့စည်းပုံကို အသိအမှတ်မပြုဖို့၊ ငြင်းဆိုကြဖို့ အစိုးရအားလုံးကို တောင်းဆိုလိုက်သလို ဒါက စစ်တပ်အာဏာကို စုစည်းဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်ဖို့ကလွဲလို့ အခြား မဟုတ်ကြောင်းလည်း ဖော်ပြပါတယ်။

အပြည်ပြည်ဆိုင်ရာသတင်းထောက်များအဖွဲ့ချုပ် (IFJ) ကတော့ အထပ်ထပ် ပြောဆိုထားတဲ့အတိုင်း လွတ်လပ်တဲ့သတင်းမီဒီယာမရှိရင် ဒီမိုကရေစီ မရှိနိုင်ကြောင်းနဲ့ စစ်အုပ်စုက မီဒီယာသမားတွေကို မပြတ်တမ်း ပစ်မှတ်ထားနေကာ အခုနှစ် သြဂုတ်လအထိ အနည်းဆုံး သတင်းထောက် ၁၁ ယောက်ကို သတ်ဖြတ်ကာ ၂၂၀ ကျော်ကို ဖမ်းဆီးထားကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ အကျဉ်းချခံထားရတဲ့ သတင်းသမား ၄၉ ယောက် ရှိနေပြီး အဲဒီလို သတင်းသမားတွေကို ပိတ်ပင်ထားပြီးတော့ ရွေးကောက်ပွဲပြုလုပ်တာက ဒီမိုကရေစီ အခြေခံမူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013