Home
မြန်မာသတင်း
စစ်ကောင်စီ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှု ရှိလာလိမ့်မည်ဟု KIA ပြော
DVB
·
September 16, 2025
ဗန်းမော် ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ။ (Photo: MOI)

ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေမှာ ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့  ရွေးကောက်ပွဲဟာ မဲလိမ်မဲခိုးမှုတွေ ရှိလာမှာဖြစ်ပြီး မှန်ကန်တဲ့ရလဒ် ထွက်မှာမဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“ဗန်းမော်က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်နေတာ၊ ဒုတိယမြို့တော်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် သူတို့ရဲ့ Data (အချက်အလက်) တွေ figures (ကိန်းဂဏန်း) တွေ တရားဝင်မှာ မဟုတ်ဘူးလို့ စဉ်းစားနေလို့ ဗန်းမော်ကို အခုထိ မျှော်လင့်ချက်ထားရှိတဲ့ မြို့တမြို့ဖြစ်မယ်လို့ ယူဆပါတယ်။ စစ်ရေးအခြေအနေ ဒီလောက်တင်းမာနေတဲ့ကြားက မဲခိုးတာတွေ၊ မမှန်မကန်တဲ့ မဲအရေတွက်တွေက ပေါ်လာမှာ သေချာပါတယ်။ သူတို့က ဒီလောက်ကြီးတဲ့မြို့မှာ မဲပုံးတောင် မထောင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲလည်း မှန်ကန်မှာမဟုတ်ဆိုတဲ့ သဘောနဲ့ သိက္ခာထိန်းတဲ့ အနေနဲ့ ဗန်းမော်လုပ်မယ်လို့ ရည်မှန်းချက်ထားတာနေမယ်။"

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိလို့ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ် ၅၆ မြို့နယ်မှာ လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က အုပ်ချုပ်နေတဲ့ ကချင်ပြည်နယ်က ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စတဲ့ မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲ မလုပ်ဘူးလို့ ထုတ်ပြန်ထားပေမဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲ ဆက်လုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်တို့မှာပါ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲပုံးထောင်နိုင်ဖို့ မြေပြင်၊ ဝေဟင် ပူးပေါင်းပြီး အပြင်းအထန် တန်ပြန် ထိုးစစ်ဆင်နေတာတွေရှိတယ်လို့ KIA က ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးနောက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပြတွေနဲ့ ကျေးလက်ဒေသတချို့မှာ အီလက်ထရောနစ် မဲပေးစနစ် (MEVM) အသုံးပြုနည်း ရှင်းပြတဲ့ အစည်းအဝေးကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်က စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်တွေမှာတော့ တအိမ်တယောက် မလာမနေရ ရပ်ကွက်ရုံးကို ခေါ်ယူပြီး မဲပေးစနစ်အသစ် အသုံးပြုပုံကို ရှင်းပြတာတွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကလည်း ရွေးကောက်ပွဲကာလအတွက် နယ်မြေ ပိုမိုစိုးမိုး ထိန်းချုပ်လာနိုင်ဖို့အတွက် စစ်မှုထမ်းအင်အားနဲ့ ကချင်၊ ရှမ်းမြောက်၊ ကယား၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဘက်တွေမှာ မြေပြင်ကနေ စစ်ကြောင်းထိုးတာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013