Home
မြန်မာသတင်း
လွိုင်ကော်နှင့် ဘောလခဲ၌ ရွေးကောက်ပွဲလုပ်ရန်ပြင်ဆင်၊ မဲမပေးပါက အရေးယူမည်ဟု ခြိမ်းခြောက်
DVB
·
September 15, 2025
Photo: ၂၀၂၀ ရွေးကောက်ပွဲ မဲရုံပြင်ဆင်စဉ်၊ လွိုင်ကော်မြို့။(ပုံဟောင်း)

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ်က မယ်စဲ့၊ ရှားတောနဲ့ ဖားဆောင်း မြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပေမဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့နယ်တွေမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါတယ်။

တော်လှန်ရေးတပ်တွေ အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ကရင်နီပြည်နယ်ထဲက မယ်စဲ့မြို့နယ်၊ ရှားတော့မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စက်တင်ဘာ ၁၄ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ဘက်က ထုတ်ပြန် ကြေညာလိုက်တာပါ။

ရွေးကောက်ပွဲလုပ်ဖို့အတွက် အခြေအနေ မရှိတာကြောင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်အတွက် မြို့နယ် ၅၆ မြို့နယ်မှာ မလုပ်ဖြစ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပြီး ကရင်နီပြည်နယ်က ၃ မြို့နယ် ပါလာတာဖြစ်ပါတယ်။

မြို့တော်လွိုင်ကော်နဲ့ ဘော်လခဲမြို့နယ်မှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်တပ်ဘက်က အခုကတည်းက ပြင်ဆင်မှုတွေ လုပ်နေတာတော့ ရှိနေပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ မှာ လွိုင်ကော်မြို့ခံတွေ အနေနဲ့ မဲပေးဖို့ စစ်တပ်ဘက်က လိုက်နှိုးဆော်နေပြီးတော့ မဲမပေးရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ ပြင်ဆင်လာနေတာလို့ လွိုင်ကော်မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“အရင်ကတည်းက လွိုင်ကော်မြို့ပေါ်မှာ ပြန်နေတဲ့သူစာရင်းက ကောက်ထားပြီးသားပေါ့နော်။ ဘယ်အိမ်က ဘယ်နှယောက် ဆိုတာ ကောက်ထားပြီးသား၊ ပြီးတော့ ဘယ်ရပ်ကွက်မှာ ဘယ်နှအိမ်ရှိလဲ ဘယ်သူတွေ ပြန်လာလဲဆိုတာ အုပ်ချုပ်ရေးမှူးဆီမှာ စာရင်းက ဝင်ပြီးသား။ အဲဒီတော့ မဲမထည့်တဲ့သူကို သူတို့(စစ်တပ်)က ထိထိရောက်ရောက် အရေးယူမယ်။ တချို့ပြည်သူတွေက မဖြစ်မနေ စစ်ရှောင်ရလို့ အခက်အခဲတွေနဲ့ ပြန်လာနေတဲ့သူလည်း ရှိသလို သူတို့ဘက်ကို ပါတဲ့သူလည်း ရှိတာပေါ့။ မထည့်ချင်လို့ ဟိုရှောင် ဒီရှောင်နဲ့ဆို နည်းနည်းမှားတာနဲ့ ဖမ်းမှာပဲ။”

ရွေးကောက်ပွဲလုပ်မယ့် နောက်တနေရာဖြစ်တဲ့ ဘော်လခဲမြို့နယ်မှာတော့ စစ်တပ်ရဲ့ ခမရ ၄၂၉၊ ခမရ ၄၃၀ နဲ့ ခလရ ၃၃၇ တပ်တွေ ကျန်နေသေးပြီး တပ်မိသားစု အများအပြား ရှိနေသေးတဲ့အတွက် တပ်တွင်းရွေးကောက်ပွဲပဲ လုပ်လို့ရမယ်လို့ လက်ရှိ ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးနားမှာ တိုက်ပွဲဝင်နေတဲ့ DVB ရဲ့ စစ်ရေးအရင်းမြစ်က ဆိုပါတယ်။

“တပ်မိသားစုလည်း များတယ်၊ ပြည်သူချည်းပဲ ၅၀၀ လောက်ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ သူ(စစ်တပ်)ကတော့ လုပ်မှာပဲလေ၊ ဖရူဆို ဆိုရင်လည်း ပြည်သူမရှိလည်း ရွေးကောက်ပွဲလုပ်မယ့် အနေအထား၊ သူ့တပ်ရွေးကောက်ပွဲပဲ ဖြစ်မှာပေါ့။ ဒီးမော့ဆိုလည်း အဲလိုပဲဖြစ်မှာပဲ။ ပြည်သူတွေက ကျနော်တို့ဘက်ခြမ်းမှာ အကုန်ရှိနေတဲ့ဟာ။”

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်မှာ ကချင်ပြည်နယ်မှာ ၄ မြို့နယ်၊ ကရင်နီမှာ ၃ မြို့နယ်၊ ချင်းပြည်နယ်မှာ ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၀ မြို့နယ်၊ မကွေးတိုင်းမှာ ၅ မြို့နယ်၊ မန္တလေးတိုင်းမှာ ၃ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ၁၀ မြို့နယ်နဲ့ ရှမ်းပြည်နယ်မှာ ၁၇ မြို့နယ် ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာတော့ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီးတဲ့နောက် ဒီးမော့ဆိုဘက်ကနေ တက်လာတဲ့ စစ်ကြောင်းဟာ ဒီရက်ပိုင်း ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးနားက ရွာတွေကို ရှင်းလင်းရေး ဝင်နေပြီး လူပြန်မနေတဲ့ အိမ်တွေကို ပြည်သူပိုင်သိမ်းမယ်လို့ ခြိမ်းခြောက် မဲဆွယ်နေတာတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ဆက်ပြောပြပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကလည်း ကရင်နီပြည်နယ်မှာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ တားဆီးသွားမှာဖြစ်ပြီး ကရင်နီလူထုအနေနဲ့ကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ပြီး ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုထားပါတယ်။

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024