Home
မြန်မာသတင်း
ရွေးကောက်ပွဲ မကျင်းပမည့် နယ်မြေစာရင်း ကြေညာ၊ ကိုယ်စားလှယ်လောင်းတင်ရန် အချိန်တိုးပေး
DVB
·
September 15, 2025

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့ မဲဆန္ဒနယ်တွေကို စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၉ နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅၆ နယ်တို့မှာ ရွေးကောက်ပွဲမလုပ်ဘူးလို့ ဆိုပါတယ်။

ဒီစာရင်းမှာပါတဲ့ မြို့နယ်နဲ့ နယ်မြေတွေဟာ ပထမကြေညာခဲ့တဲ့ ၁၀၂ မြို့နယ်မှာမပါတဲ့ နယ်မြေတွေဖြစ်ပြီး ကရင်နဲ့ မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန် ပြည်နယ်နဲ့တိုင်းတွေထဲက ဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းတာ၊ စိစစ်တာ၊ ရုပ်သိမ်းတာတွေနဲ့ ပတ်သက်တဲ့နေ့ရက်တွေလည်း တိုးမြှင့်သတ်မှတ်ကြောင်းကိုလည်း ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေအတွက် အချိန်ပိုရစေဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းတာ၊ စိစစ်တာ၊ ရုပ်သိမ်းတာတွေနဲ့ ပတ်သက်ပြီး ရက်တိုးမြှင့် သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ စတင်တင်သွင်းရမယ့် ရက်ကိုတော့ ပထမကြေညာခဲ့ထားတဲ့အတိုင်း စက်တင်ဘာ ၈ ရက်နေ့ ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်ကိုတော့ စက်တင်ဘာလ ၂၂ ရက်လို့ သတ်မှတ်ထားပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွေကို ရုပ်သိမ်းလိုပါက ရုပ်သိမ်းနိုင်တဲ့ နောက်ဆုံးရက်ကို  မူလက စက်တင်ဘာလ ၁၂ ရက်လို့ ကြေညာထားရာကနေ စက်တင်ဘာ ၁၇ ရက်အထိ ၅ ရက် ထပ်တိုးမြှင့်ထားပါတယ်။

PR မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းရုပ်သိမ်းပါက အစားထိုးပြန်လည် တင်သွင်းတာကို မူလက စက်တင်ဘာ ၁၃ ရက်ကနေ ၁၇ ရက်အထိ သတ်မှတ်ထားရာကနေ စက်တင်ဘာ ၁၈ ရက်ကနေ  ၂၂ အရက် အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စလုပ်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တို့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013