
အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စေဖို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက ဦးစီးဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်တွန်း ပြောလိုက်ပါတယ်။
စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တို့ ညှိနှိုင်း အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။
လာမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမှာဖြစ်သလို လွှတ်တော်ကလည်း သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ခံကိုယ်စားလှယ်တွေ ဘေးကင်းလုံခြုံစွာနဲ့ မဲဆွယ်စည်းရုံးနိုင်ဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်သလို ရွေးကောက်ပွဲ အောင်မြင်စေဖို့နဲ့ နိုင်ငံကောင်းအောင် ဆောင်ရွက်မယ့်သူတွေ ပေါ်ထွက်လာဖို့အတွက် သက်ဆိုင်ရာဝန်ကြီးချုပ်တွေက ဦးစီးဆောင်ရွက်ရမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ မှာ အပိုင်း ၁ အနေနဲ့ မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ကျန်ရှိနေတဲ့အပိုင်းတွေကို ဇန်န၀ါရီလ နောက်ဆုံးထား ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။