
လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမြို့ထဲမှာ အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတဲ့ ပြောက်ကျားသပိတ်တခု ပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်ကို သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက သူ့လူမှုကွန်ရက်စာမျက်နှာမှာ စက်တင်ဘာ ၁၃ ရက် ဒီနေ့ မနက်က ဖော်ပြလိုက်ပါတယ်။
မန္တလေးမြို့ ကားတွေ ဆိုင်ကယ်တွေသွားလာနေတဲ့ လမ်းဆုံတနေရာမှာ အဲဒီဆန္ဒပြပွဲကို လုပ်ခဲ့တာဖြစ်ပြီး အချိန်အတိအကျကိုတော့ ထုတ်ဖော်မပြောထားပါဘူး။
စစ်တပ်က တရားမဝင်ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပြီး ဒါဟာ ပြည်သူရဲ့ နိုင်ငံရေးထွက်ပေါက်မဟုတ်ဘဲ စစ်တပ်ရဲ့ ထွက်ပေါက်သာဖြစ်လို့ ပြည်သူတွေအနေနဲ့ မဲမပေးဘဲ ဆန့်ကျင်ကြဖို့ စာရွက်တွေ ဖြန့်ဝေကာ ဆော်ဩခဲ့ပါတယ်။
စစ်တပ်က သူ့လက်ပါးစေ ပျူစောထီးအဖွဲ့ဝင်တွေ စုဆောင်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ ဖမ်းဆီးငွေညှစ်နေတာတွေကို ရင်ဆိုင်နေရတဲ့ မန္တလေးပြည်သူတွေဟာ စစ်တပ်ကို နာကြည်းနေကြကြောင်းနဲ့ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ရွံ့မုန်းနေကြတယ်လို့ ဒေါက်တာတေဇာဆန်းက ပြောထားတယ်။
ဒါအပြင်ပြည်သူအားလုံး စစ်အုပ်စုကို ရတဲ့နည်းနဲ့ တုံ့ပြန်ကြဖို့လည်း ဆော်ဩပါတယ်။ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းဟာ စစ်တပ် လုံခြုံရေးတင်းကျပ်တဲ့ မန္တလေးမြို့မှာ ပြောက်ကျားသပိတ်တွေ မကြာခဏ လုပ်လေ့ရှိသလို တော်လှန်ရေးနယ်မြေတွေမှာ သွားလာလှုပ်ရှားပြီး တော်လှန်ရေးအတွက် တက်တက်ကြွကြွ ပါဝင်နေသူဖြစ်ပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူမှန်သမျှ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင် ၂၉ ရက်မှာ စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။
ဒီဥပဒေနဲ့ ပထမဆုံး ဖမ်းဆီးခဲ့တဲ့ တောင်ကြီးမြို့က ကိုနေသွေးကို စစ်ခုံရုံးက စက်တင်ဘာ ၉ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချခဲ့ပါတယ်။
Video: Dr Tayzar San