Home
မြန်မာသတင်း
ရွေးကောက်ပွဲ အားပေးသူများကို အရေးယူမည်ဟု KNU ကော်သူးလေ (ညောင်လေးပင်ခရိုင်) သတိပေး 
DVB
·
September 11, 2025

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းနဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် အားပေးအားမြှောက်လုပ်နေသူတွေကို ‌ကြည့်ရှုစောင့်ကြပ်ပြီး အရေးယူသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကော်သူးလေ ညောင်လေးပင်ခရိုင်ကနေ   စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်လိုက်တဲ့  သဘောထားအတိုင်း  ရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ရဲ့   ရည်ရွယ်ချက်ဖြစ်တဲ့  အမျိုးသားတန်းတူရေးနဲ့  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့  ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုကို ပြည်သူလုထုတရပ်လုံး ယုံကြည်လက်ခံတဲ့  တနိုင်ငံလုံးကို လွှမ်းခြုံတဲ့  ရွေးကောက်ပွဲရလဒ်နဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသစ်ကို ထူထောင်မှာဖြစ်ကြောင်း၊ စစ်တပ်က တဖက်သတ်ကျင်းပမယ့်  ရွေးကောက်ပွဲဟာ  အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူတွေကို ငရဲတွင်းကို ပို့မှာဖြစ်ကြောင်းနဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါ မိသားစုဝင်တွေ၊ အကြမ်းဖက်စစ်အုပ်စုရဲ့ လောင်းရိပ်အောက် အဆိပ်သင့်တဲ့ နိုင်ငံရေးပါတီတွေရဲ့ အကျိုးစီးပွား ရရှိရေးဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်၊

KNU ညောင်လေးပင်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့ ပြည်သူလူထုတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ တသီးပုဂ္ဂလပါတီ လူပုဂ္ဂိုလ်တွေအနေနဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို မပါဝင်ကြဖို့နဲ့ ရွေးကောက်ပွဲကို အားပေးအားမြှောက် ပြုလုပ်သူတွေကို KNU အနေနဲ့ စောင့်ကြပ်ပြီးလိုအပ်ရင် ကော်သူးလေတရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။

ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ KNU ဗဟိုဌာနချုပ်က ထုတ်ပြန်ချက်ထဲမှာတော့ စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း၊ ရွေးကောက်ပွဲက နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲမှာ ပါဝင်တာဟာ အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံဖြစ်ကြောင်း စတာတွေ ထည့်သွင်းဖော်ပြထားတာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဝန်းရံပေးသွားမယ်လို့ ကရင်လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ဒီမိုက​ရေစီအကျိုးပြုကရင်တပ်မ​​​တော် (DKBA) က ပြောကြားထားသလို ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီသွားမယ်လို့ စက်တင်ဘာ ၃ ရက်က  ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီကတော့ ဩဂုတ် ၂၈ ရက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို အကြမ်းဖက်အသင်းနဲ့ မတရားအသင်းအဖြစ် ကြေညာခဲ့ပါတယ်၊ ဒါ့အပြင် ကရင်ပြည်နယ်ထဲက ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီး မြို့နယ်တွေမှာ ရွေးကောက်ပွဲ အပိုင်း ၁ ကိုပြုလုပ်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013