Home
ဆောင်းပါး
စစ်အုပ်စု ရွေးကောက်ပွဲကနေ ငြိမ်းချမ်းရေးယူဆောင်လာမှာလား
DVB
·
September 9, 2025

မျှော်လင့်မထားတဲ့အရွေ့တခုအနေနဲ့ မြန်မာစစ်ကောင်စီဟာ သူတို့အာဏာသိမ်းပြီးကတည်းက ချမှတ်ထားတဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီး  ဒီနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲရဲ့ ပထမအဆင့်ကို ကျင်းပပေးမယ်လို့လည်း သြဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေကို သူတို့ရဲ့တော်လှန်ရေးကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေက ပယ်ချခဲ့ပါတယ်။

သူတို့ထောက်ခံတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရွေးကောက်ပွဲ ရှုံးပြီးနောက် ၂၀၂၁ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ (Three Brotherhood Alliance) ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တရုတ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ 

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ သူ့နေရာကို ထိန်းထားနိုင်သေးပေမဲ့ အာရက္ခတပ်တော် (Arakan Army) လက်ထဲကိုတော့ နယ်မြေတချို့ လက်လွှတ်လိုက်ရပါတယ်။

ကချင်နဲ့ ကရင်ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ တရုတ်နိုင်ငံက ကြားဝင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နဲ့ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းပေးခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းက နောက်ထပ်အင်အားကြီးအဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကိုလည်း စစ်ကောင်စီနဲ့ စကားပြောဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် UWSA အပါအဝင် MNDAA ဟာ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ လားရှိုးမြို့ဟာ စစ်ကောင်စီရဲ့ မန္တလေးမြို့ကို ထိန်းချုပ်နိုင်ရေးမှာ အရေးကြီးဆုံး မြို့တမြို့ ဖြစ်ပါတယ်။

ထိုင်းနယ်စပ်နားက ကရင်ပြည်နယ်၊ မြဝတီမြို့မှာလည်း စစ်ကောင်စီတပ်သား ရာပေါင်းများစွာ လက်နက်ချခဲ့ရတဲ့အတွက် စစ်ကောင်စီဟာ စစ်ရေးအရ အထိနာခဲ့ပြီးသား ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက်မှာ တရုတ်က နယ်စပ်ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနယ်စပ်ဟာ ရှမ်းပြည်နယ်အတွက် အသက်သွေးကြောတခုလို အရေးကြီးပါတယ်။

တရုတ်နိုင်ငံဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့  အာရက္ခတပ်တော် (AA) တို့အပေါ်ကိုလည်း ဖိအားပေးခဲ့ပါတယ်။ အဲဒီထဲမှာ AA က အခုဆိုရင် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး သူတို့ရဲ့ထိုးစစ်ကို ‘အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ’ လို့ သတ်မှတ်ထားပါတယ်။

တခါတလေမှာ အပစ်အခတ်ရပ်စဲရေးတွေက သိပ်အလုပ်မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလက်နက်ကိုင်အဖွဲ့တွေမှာ ကိုယ်ပိုင်အကျိုးစီးပွားတွေ ရှိနေလို့ပါပဲ။ ဒါပေမဲ့ တရုတ်က ညီနောင်မဟာမိတ်သုံးဖွဲ့ (TBA) ကိုတော့ တိုက်ပွဲတွေရပ်တန့်သွားအောင် ဖိအားပေးနိုင်ခဲ့ပါတယ်။

‘၁၀၂၇ စစ်ဆင်ရေး’ ဟာ ‘မြန်မာပြည်မြောက်ပိုင်းမှာ စစ်မဖြစ်ရ၊ မငြိမ်သက်မှု မရှိစေရ’ ဆိုတဲ့ တရုတ်ရဲ့ မူဝါဒကို ချိုးဖောက်ခဲ့ပါတယ်။ ဒါကြောင့် အခုအခါမှာ တရုတ်က UWSA ကို အဲဒီစစ်ဆင်ရေးမှာပါတဲ့ သူ့မဟာမိတ်အဖွဲ့တွေကို အကူအညီအားလုံး ဖြတ်တောက်ဖို့ ဖိအားပေးနေပါတယ်။

တရုတ်နှင့် ရွေးကောက်ပွဲ

အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားပြီး တခြားအဖွဲ့တွေကတော့ ဇဝေဇဝါ ဖြစ်နေတုန်းပါပဲ။ တချို့ကတော့ ဒီရွေးကောက်ပွဲဟာ စစ်တပ်က သူတို့အာဏာကို နိုင်ငံရေးအရ အခိုင်အမာတည်ဆောက်ဖို့ ကြိုးစားတာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့တွေအတွက်တော့ နိုင်ငံရေးအရ အရေးပါတဲ့နေရာတခု ရလာမှာမဟုတ်ဘူးလို့ မြင်ကြပါတယ်။ နိုဝင်ဘာလက မင်းအောင်လှိုင် ကူမင်းမြို့ကို သွားရောက်ခဲ့ပြီးနောက်မှာတော့ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် တရုတ်ဟာ အဓိကကျတဲ့ကဏ္ဍကနေ ပါဝင်နေတယ်လို့ လူအများစုက ယုံကြည်လာကြပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှာ အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မဟာမိတ်တချို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ မြန်မာဘက်ကလည်း သူတို့ရဲ့ ပို့ကုန်တွေအပေါ် အခွန်လျှော့ချပေးဖို့ ထရမ့်ပ်ကို တောင်းဆိုခဲ့ပြီး အမေရိကန်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာလည်း အခွန်ကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပါတယ်။ ဒါ့အပြင် အဓိကကျတဲ့ ကမ္ဘာ့နိုင်ငံရေးပြိုင်ဆိုင်မှုကလည်း အခု တရုတ်နိုင်ငံက တူးဖော်နေတဲ့ မြန်မာ့ မြေရှားသတ္တုတွေကို အာရုံစိုက်နေပုံရပါတယ်။

မြန်မာနိုင်ငံ မတည်ငြိမ်တာက တရုတ်ရဲ့လုံခြုံရေးကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က မြေရှားသတ္တုတွေ တူးဖော်လိုမှုနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဝင်ထွက်ခွင့်ရလိုမှုတွေကလည်း တရုတ်အတွက် ပြဿနာကြီးတခု ဖြစ်နေပါတယ်။ တရုတ်ဟာ တိုင်းရင်းသားအခြေပြု ဖက်ဒရယ်စနစ်ကို မထောက်ခံပေမဲ့ မြန်မာနိုင်ငံမှာ အတိုင်းအတာတခုအထိ ငြိမ်းချမ်းမှု ပြန်ရလာတာကိုတော့ လိုလားနေပါတယ်။

တခြားနိုင်ငံတွေမှာ ဒီမိုကရေစီပြန်ရလာရင် နိုင်ငံရေးပါတီတွေအချင်းချင်း ညှိနှိုင်းဖို့ပဲလိုပေမဲ့၊ မြန်မာနိုင်ငံအတွက်ကတော့ အဲဒီအဆင့်မတိုင်ခင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရအောင် အရင်ဆုံးလုပ်ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ဝေဖန်သူမှန်သမျှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်မယ်လို့ ကြေညာထားပြီး ဒီရွေးကောက်ပွဲအ‌ပေါ် ဘယ်လိုဝေဖန်မှုမျိုးကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုမလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရွေးကောက်ပွဲကော်မရှင်ကတော့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေအပါအဝင် မြို့နယ် ၃၃၀ လုံးမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။ ( ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပမယ်လို့ထုတ်ပြန်ထားပါတယ်။) ဒါပေမဲ့ ဒီကြေညာချက်ဟာ စစ်ကောင်စီ တကယ်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေအခြေအနေနဲ့တော့ ကိုက်ညီမှုမရှိနိုင်ပါဘူး။

ဒီရွေးကောက်ပွဲက ဘာတွေဖြစ်လာစေမှာလဲ။

ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုကို တရားဝင်အစိုးရတရပ်ဖြစ်ကြောင်း အသိအမှတ်ပြုမှုတခုခု ပေးလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကြိုးစားနေပြီး သူတို့ရဲ့ တိုင်းရင်းသားနယ်မြေတွေမှာ နယ်မြေတွေ ပြန်ရရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်နေရပါတယ်။ စစ်ကောင်စီဟာ သေစေနိုင်တဲ့ လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်တာတောင် စစ်ရေးအရ ရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရပြီး နိုင်ငံတကာရဲ့ ရှုတ်ချမှုကိုလည်း ခံခဲ့ရပါတယ်။ စစ်တပ်ရဲ့ ထိန်းသိမ်းရေးစခန်းတွေဟာ ဒီမိုကရေစီလိုလားသူတွေနဲ့ စစ်တပ်ကိုဆန့်ကျင်သူတွေကို ညှဉ်းပန်းနှိပ်စက်၊ မုဒိမ်းကျင့်၊ ခြိမ်းခြောက်တဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေက တိုင်းရင်းသားတွေကို စစ်ထဲသွင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြန်တိုက်ခိုင်းတဲ့ မက်လုံးပေး၊ ခြိမ်းခြောက်တဲ့ မူဝါဒကိုလည်း နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်သူတွေက သတိပြုမိကြပါတယ်။ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲတွ ပြင်းထန်လာတဲ့အတွက် အဲဒီဒဏ်ကိုမခံနိုင်တဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြပါတယ်။ ဒီလို ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်သွားတာကြောင့် ဒီပြဿနာဟာ မြန်မာ့ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘဲ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ကိစ္စတခု ဖြစ်လာခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးအရ သိပ်တိုးတက်မှုမရဘဲ ဖိအားတွေအောက်မှာပဲ ရှိနေပါတယ်။ တိုင်းပြည်ကလည်း ပြည်တွင်းစစ်ထဲ ရောက်သွားခဲ့ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်နှစ်ရပ်လုံးမှာ ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့အတွက် စစ်တပ်မှာ ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ခွင့် ရှိနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို ဖျက်သိမ်းပြီးနောက်မှာတောင် စစ်တပ်ဟာ အကျိုးအမြတ်မရှိဘဲ ရှုံးနိမ့်မှုတွေနဲ့ပဲ ရင်ဆိုင်နေရပါတယ်။ တရုတ်ကတော့ ရွေးကောက်ပွဲလုပ်မှ သူတို့နယ်စပ်ဒေသမှာ တည်ငြိမ်မှု အတိုင်းအတာတခုအထိ ပြန်ရလာမယ်၊ ပြီးတော့ တရားမဝင် လောင်းကစားလုပ်ငန်းတွေကို ဖြေရှင်းနိုင်မယ်လို့ ယူဆတဲ့အတွက် ရွေးကောက်ပွဲလုပ်ဖို့ တွန်းအားပေးနေတာပါ။

တိုင်းရင်းသားအစုအဖွဲ့အမျိုးမျိုးက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဒီရွေးကောက်ပွဲကို ပယ်ချထားပါတယ်။ NUG ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟာ ၂၀၂၄ ဒီဇင်ဘာလအထိ စစ်ကောင်စီရဲ့ စခန်းပေါင်း ၇၄၂ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေ စုပေါင်းလိုက်ရင် မြန်မာနိုင်ငံရဲ့ ဧရိယာအများကြီးကို ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်ရဲ့အာဏာကို စိန်ခေါ်နိုင်တဲ့ အင်အားစုကြီးတခုအဖြစ် ရှိနေတုန်းပါပဲ။

NUG ကသာ ရွေးကောက်ပွဲမှာ မပါဝင်ဘူးဆိုရင် စစ်အုပ်စုဟာ လူတွေကို သူတို့ကို ထောက်ခံတဲ့ ပါတီအတွက် မဲပေးအောင် ဘယ်လို ဖိအားပေးမလဲဆိုတာ မရှင်းလင်းပါဘူး။ ဒါ့အပြင် NLD ပါတီမပါဘဲ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးဘဲနဲ့တော့ ဘယ်ရွေးကောက်ပွဲမှ ယုံကြည်ရမှာ မဟုတ်ပါဘူး။ အရေးကြီးတာက NUG ဟာ ဖက်ဒရယ်စနစ်လို ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းထားပါတယ်။ NUCC ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုခွင့်ပေးမှာဖြစ်ပြီး လူများစုဗမာတိုင်းရင်းသားကိုပဲ ကိုယ်စားပြုတဲ့ နိုင်ငံရေးကနေ ဖယ်ခွာသွားမယ်လို့ ပြောထားပါတယ်

ဒီရွေးကောက်ပွဲဟာ စစ်တပ်က သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇ၀တ်မှုတွေအတွက် အပြစ်ကနေ လွတ်အောင်လုပ်တဲ့ နည်းလမ်းတခုပဲလို့ NUG က ပြောဆိုထားပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ NUG က သူတို့ဟာ ‘ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်’ ကိုပဲ ဆက်လက်ကိုင်စွဲသွားမယ်လို့ ပြောထားပါတယ်။ အဲဒီပဋိညာဉ်အရ တနိုင်ငံလုံးဆန္ဒခံယူပွဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရေးဆွဲပြီးမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ‘အတုအယောင်’ ရွေးကောက်ပွဲကို မထောက်ခံကြဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မရှိဘဲနဲ့တော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်ရဖို့ဆိုတာ အလွန်ခက်ခဲတဲ့အလုပ်တခု ဖြစ်နေဦးမှာပါ။

ပတ္တနိုက်

Ref: The Kathmandu Post 

(The Kathmandu Post  သတင်းစာအင်တာနက်စာမျက်နှာ၌ ဆောင်းပါးရှင် Smruti S Pattanaik ရေးသားထားသည့်  “Will elections in Myanmar bring peace?” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။  ဤဆောင်းပါးကို ရေးသားသူသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Manohar Parrikar ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေးအင်စတီကျုမှ သုတေသီတဦး ဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024