Home
မြန်မာသတင်း
ဩဂုတ်လအတွင်း စစ်အုပ်စုက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်
DVB
·
September 9, 2025

ပြီးခဲ့တဲ့ဩဂုတ်လအတွင်း စစ်အုပ်စုဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ပြီး အရင်လတွေထက် လူသေဆုံးတာပိုများခဲ့သလို လူ့အခွင့်အရေးချိုးဖောက်တဲ့ဖြစ်စဉ်ပေါင်း ၆၅၆ ခု ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က ပြောပါတယ်။

စက်တင်ဘာ ၉ ရက် ဒီနေ့လုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားတဲ့ အစီအစဉ်မှာ ဩဂုတ်လ တလတည်းမှာပဲ လေကြောင်းကနေ အကြိမ်ပေါင်း ၅၀၀ လောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးနေဘုန်းလတ်က “ဩဂုတ်လ တလတည်းမှာပဲ ၅ ယောက်နဲ့အထက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၂၂ ခု ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေအတွင်းမှာ ပြည်သူ ၂၂၅ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ လစဉ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့ပေမဲ့ ဖြစ်စဉ်အရေအတွက်နဲ့ လူသေဆုံးမှုအရေအတွက်တွေကတော့ ဩဂုတ်လမှာ ပိုပြီးများလာတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကို ကြည့်မယ်ဆိုရင်လည်း ဩဂုတ်လ တလတည်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၉၃ ကြိမ်ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၇၈ ဦး ရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄ ဦးနဲ့ အသက်အရွယ်ပိုင်းခြားမရသူ ၄၆ ဦးပါဝင်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ အရပ်သားပစ်မှတ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အဦတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ တလတည်းအတွင်းမှာ စာသင်ကျောင်း ၁၅ ကျောင်း၊ ဆေးရုံဆေးခန်း ၆  ခုနဲ့ ဘာသာရေးအဆောက်အဦ ၃၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှာ ဖွဲ့စည်းပုံတချို့ကိုပြောင်းလဲပြီးနောက် စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ဆတိုးကျူးလွန်လာနေပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဩဂုတ်လ တလတည်းအတွင်းမှာ မတရားဖမ်းဆီးထိန်းသိမ်းတာ၊  အဓမ္မ စစ်သားစုဆောင်းတာ၊ ကလေးစစ်သားစုဆောင်းတာ၊ တရားမဲ့သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၆၅၆ ခုအထိ ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မယ်ဇလီချောင်းရွာနေ အသက် ၃၀ အရွယ် ကိုဇော်ဇော်မျိုးကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ က အရှင်လတ်လတ် ဓားနဲ့ထိုး၊ ခြေကျင်းဝတ်တွေခုတ်ဖြတ်၊ ဗိုက်ခွဲ ခေါင်းဖြတ်ပြီး ဧရာဝတီမြစ်ထဲကိုပစ်ချခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဗွီဒီယိုသက်သေ၊ လူသက်သေတွေကိုလည်း ရရှိထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်ဟာ သူတို့အာဏာတည်မြဲရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရေးအတွက်  တရားမဝင် အတုအယောင် ရွေးကောက်ပွဲတခုဖြစ်လာဖို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထင်သလို ဖျက်ဆီးချနင်းတော့မယ်ဆိုတာ ထင်ရှားတာကြောင့် ဒါကို နိုင်ငံတကာအနေနဲ့ သိမြင်ကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း သတိကြီးကြီးထားပြီး ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

ဦးနေဘုန်းလတ်က “မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေနဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒတွေကို မျက်ကွယ်ပြုပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရှုမြင်အားပေးနေကြတဲ့ နိုင်ငံအချို့အနေနဲ့ ဒီ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားမှုမပြုမိကြဖို့ သတိပေးတိုက်တွန်းလိုပါတယ်။   အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နယ်မြေအစိတ်အပိုင်းတွေကို စိုးမိုးအုပ်ချုပ်လျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့   ဒေသတွင်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့  ဘုံနယ်နိမိတ်တွေကို ဘေးကင်းလုံခြုံစွာ စီမံခန့်ခွဲရေးတို့အတွက် အိမ်နီးချင်းနိုင်ငံများနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်သွားဖို့ အဆင်သင့်ရှိပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ မစ္စတာ အနုထင်ချန်ဝီရာကူးကိုလည်း ဂုဏ်ပြုလိုက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေနဲ့ နယ်စပ်လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့  နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှုတွေကို တိုက်ဖျက်နိုင်ရေး၊ နှစ်နိုင်ငံပြည်သူလူထုရဲ့ အပြန်အလှန် အကျိုးစီးပွားကို မြှင့်တင်နိုင်ရေးတို့အတွက် NUG အနေနဲ့ ရင်းရင်းနှီးနှီး လက်တွဲဆောင်ရွက်သွားဖိုလည်း ကတိပြုကြောင်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013