
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မြန်မာ အာဏာသိမ်းစစ်အုပ်စုအပေါ် တရုတ်ရဲ့ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းတဲ့ စာတစောင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရဆီကို ပေးပို့ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီတိုက်တွန်းစာကိုတော့ စက်တင်ဘာ ၁ ရက်က ပေးပို့ခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား တိုက်တွန်းချက် ၃ ချက်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်တွန်းချက် ၃ ချက်ကတော့ စစ်အုပ်စုကို အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ထားဖို့၊ စစ်အုပ်စုက တောင်းဆိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်းကိစ္စကို ငြင်းပယ်ဖို့နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားခြင်းကို ရပ်စဲဖို့တို့ပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေက အလိုမရှိတဲ့ စစ်အုပ်စုခေါင်းဆောင်ကို ဖိတ်ကြားတာကလည်း ပြည်သူတွေရဲ့ တန်ပြန်တုံ့ပြန်မှုကို ဖိတ်ခေါ်သလို ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူတွေအကြား နှစ်ရှည်တည်ရှိခဲ့တဲ့ ရင်းနှီးချစ်ကြည်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဒီအချက် ၃ ချက်ကို တိုက်တွန်းတောင်းဆိုခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပြည်သူ့လူမှုဘဝကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ စာထဲမှာ ထည့်သွင်းထားပြီး ၂၀၂၀ ပြည့်နှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးဝင်းမြင့်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပါအဝင် အခြေခံစီးပွားရေး အဆောက်အအုံများစွာကိုလည်း ထိခိုက်ပျက်စီးစေခဲ့တယ်လို့ တိုက်တွန်းစာထဲမှာ ထည့်သွင်းဖော်ပြခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ထုတ်ပြန်ချက်အရ မြန်မာနယ်စပ်ဒေသတွေမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေလိုမျိုး တရားမဝင်လုပ်ငန်းတွေကို စစ်အုပ်စုက ခွင့်ပြုပေးထားတဲ့အတွက် တရုတ်နိုင်ငံသား အများအပြား ထိခိုက်နစ်နာခဲ့ကြောင်းကိုလည်း စာမှာ ထည့်သွင်းဖော်ပြထားပြီး တရုတ်နိုင်ငံရဲ့ CCTV သတင်းဌာန ဖော်ပြချက်အရ ဒီလုပ်ငန်းတွေကြောင့် ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးခဲ့ကာ တရုတ်နိုင်ငံသား ၁၀ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်းလည်း ထောက်ပြခဲ့တယ်လို့ သိရပါတယ်။
မကြာသေးမီက ကျင်းပခဲ့တဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးမှာ သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံအတွက် ဦးစားပေးလုပ်ငန်းတွေအဖြစ် ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးနဲ့ ပြည်သူလူထုရဲ့ ဆန္ဒပေါ် အခြေခံတဲ့ အုပ်ချုပ်ရေးတွေကို အလေးထားဖော်ပြခဲ့ပေမဲ့ စစ်အုပ်စုကတော့ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ကြိုးစားနေတယ်လို့ စာထဲမှာ ရေးသားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေ တခဲနက် ထောက်ခံမှုကို ရရှိထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့များ (EROs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) တို့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေတဲ့အပြင် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီကို ဦးတည်ဆောင်ရွက်နေပြီး ဒီလိုမျိုး စုပေါင်းတော်လှန်မှုဟာ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေရှည်တည်တံ့ဖွံဖြိုးတိုးတက်ရေးအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းတခု ဖြစ်တယ်လို့လည်း စာထဲမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမယ်လို့လည်း NUG အနေနဲ့ ယုံကြည်နေဆဲ ဖြစ်တယ်လို့လည်း စာထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။