
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် မင်းအောင်လှိုင်သည် ကျေးဇူးဥပကာရတင်ကြောင်း ရိုကျိုးစွာပင် ထုတ်ဖော်ပြောဆိုလာရသည်။
ပူတင်မှ ၎င်းအား လက်ခံတွေ့ဆုံပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် “ကြွက်မင်းကြီး” ဟု ဂုဏ်ယူ ပြောဆိုခဲ့သလိုပင် ရှီကျင့်ပင် အားလည်း တခုခုတော့ ပြောရပေမည်ဆိုကာ စိတ်ထဲရှိသမျှ ထုတ်ပြောလိုက်ရခြင်းပင် ဖြစ်သည်။
“နိုင်ငံမြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်အုပ်စုများကို တရုတ်မှ ဖိအားများ ပေးလာသည့်အတွက် ရရှိလာခဲ့သော ငြိမ်းချမ်းသော အခြေအနေများနှင့် စပ်လျဉ်း၍ မိမိအနေဖြင့် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ငြိမ်းချမ်းရေး ရရှိလာမှသာလျှင် နှစ်နိုင်ငံအကြားနှင့် ဒေသတွင်းရှိ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။”
ထိုသို့ ပြောကြားခဲ့မှုသည် တရုတ်မှ ၎င်းတို့အကျိုးစီးပွားအတွက် မြန်မာ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေကြောင်း နိုင်ငံအကြီးအကဲ ဆိုသူမှ ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောကြားလိုက်သလို အဓိပ္ပာယ်သက်ရောက်သွား၍ တရုတ်၏ စွက်ဖက်နေမှု ငြင်းမရအောင် ပေါ်လွင်လာပြီဖြစ်၍ တရုတ်၏ရပ်တည်မှု ထိခိုက်သွားရပြီ ဖြစ်သည်။
မင်းအောင်လှိုင်က လက်ရှိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော ဒေသများဖြစ်သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ တရုတ်ပြည်တွင် လက်ရှိ ဆောက်လုပ်နေဆဲ ကူမင်း-ရွှေလီ မြန်နှုန်းမြင့် ရထားလမ်းနှင့် ချိတ်ဆက်ပေးမည့် မန္တလေး-မူဆယ် ရထားလမ်း အပါအဝင် အခြား စီမံကိန်းများ အများအပြားရှိနေကြောင်း မစားရ ဝခမန်း ပြောသွားပြန်သည်။
တော်လှန်ရေးကြီးသာ မအောင်မြင်ဟုဆိုပါက မြန်မာသည် တရုတ်လုပ်ချင်သည်များ အကုန် လိုက်လုပ်ပေးနေရမည့် ဩဇာခံနိုင်ငံဘဝ လုံးလုံးလျားလျား ကျရောက်သွားတော့မည် ဖြစ်သည်။
တဖက်တွင်လည်း နိုင်ငံသားများကို လှုပ်မရအောင် ဖိနှိပ်ထားချိန်တွင် တရုတ်နိုင်ငံသားများ ဥဒဟို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ခွင့်ပြု ထွက် လုပ်လာကြပေတော့မည်။ မိမိတို့ နိုင်ငံသားများကိုလည်း တရုတ်တို့က ကျွန်သပေါက်သဖွယ် ဆက်ဆံလာကြမည့် အရေးကိုလည်း ခေါင်းငုံ့ခံကြရတော့မည် ဖြစ်သည်။
နိုင်ငံအကြီးအကဲမှ တရုတ်ကို ကျေးဇူးတင်ကြောင်း ရွှန်းရွှန်းဝေအောင် ပြောနေပြီဖြစ်၍ တရုတ်နိုင်ငံသားများအဖို့ ဘယ်အရာကိုများ ဂရုစိုက်ဖို့ လိုပေတော့မည်နည်း။
မိုဒီ အဖို့လည်း မြန်မာစစ်အုပ်စုသည် တရုတ်ဘက် လုံးလုံးလျားလျား ရောက်ရှိသွားသည့်အဖြစ်ကို လက်ခံလိုက်ရပြီ ဖြစ်သည်။ အိန္ဒိယအဖို့ ၎င်းတို့ အရှေ့မြောက်ဒေသ လုံခြုံရေး၊ လိုအပ်လျှင် နိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်နိုင်ခွင့် ရရေးအတွက်သာ မျှော်လင့်စရာ ရှိတော့သည်။
ထိုသို့ အိန္ဒိယဝန်ကြီးချုပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့မှ စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံထားရသော မင်းအောင်လှိုင်အား ဖက်လှဲတကင်း အရောတဝင် လုပ်နေကြချိန်တွင် ဂျပန်အစိုးရက စစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း အတိအလင်း ကြေညာချက် ထုတ်ပြန်လာသည်။
လေးနှစ်ခွဲ ကြာလာသည့်တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အပြင် အခြေအနေများ ပို၍ ဆိုးဝါးလာအောင် ရွေးကောက်ပွဲလုပ်မည်ဆိုက ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် ဝေးကွာမည်ဖြစ်၍ ၎င်းတို့ လက်မခံနိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။
ဂျပန်သည် ၁၉၅၄ ဂျပန်-မြန်မာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီးချိန်ကစ၍ စစ်လျော်ကြေး ဒေါ်လာ သန်း ၂၀၀ နှင့် ချေးငွေအဖြစ် သန်း ၅၀ ထုတ်ပြီးချိန်မှစ၍ မြန်မာအား အရှေ့တောင်အာရှတွင် အရေးပါသော နိုင်ငံအဖြစ် မှတ်ယူလာခဲ့ပြီး ဆက်ဆံလာခဲ့သည်။ အာဏာသိမ်းပြီးနောက်တွင် တရုတ်ဘက် ရောက်သွားမည်စိုး၍ ဆက်ဆံရေးကို လုံးဝဥဿုံ ပြတ်တောက်မသွားစေဘဲ အရှိန်လျှော့ကာ ထိန်းညှိ ဆက်ဆံလာခဲ့သည်။
ဂျပန်သည်လည်း မြန်မာအား တရုတ်က လုံးဝ အုပ်စီးမိသွားပြီကို ရိပ်စားမိလာ၍ ပြတ်ပြတ်သားသား ပြောဆိုလာခြင်းလည်း ဖြစ်သည်။
တရုတ်ကွန်မြူနစ်တပ်များသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့စစ်မျက်နှာမှာ တိုက်ခိုက်ခဲ့သည် ဆိုသော သမိုင်းမှတ်တမ်းများ မရှိခဲ့။ ထိုအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ချန်ကေရှိတ်၏ အမျိုးသားပါတီ (Kuomintang - KMT) တို့ကြား ပြည်တွင်းစစ် အပြင်းအထန် ဖြစ်ပွားနေဆဲ ဖြစ်၍ မြန်မာစစ်မျက်နှာကို တရုတ်ကွန်မြူနစ်တပ်များ အဘယ်သို့ ခြေချနိုင်ပေမည်နည်း။
တကယ်တမ်း မြန်မာပြည်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တရုတ်တပ်ဖွဲ့များသည် ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ်အမျိုးသားတော်လှန်ရေးတပ်မတော် (Chinese National Revolutionary Army - NRA) တရုတ်ဖြူတပ်များသာ ဖြစ်သည်။
ထိုသို့ အာရှ-ပစိဖိတ် စစ်မျက်နှာတွင် ချန်ကေရှိတ်တပ်များသည် မဟာမိတ်တပ်များနှင့် လက်တွဲ တိုက်ခိုက်ခဲ့၍ ကျေးဇူးတင်သည့်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် အဖြစ် နေရာပေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း အမေရိကန်နှင့် ကွန်မြူနစ် တရုတ်ပြည် ဆက်ဆံရေး ပြန်လည် တည်ဆောက်လာနိုင်၍ ၁၉၇၁ တွင် တိုင်ဝမ်အား ကုလသမဂ္ဂမှ ဖယ်ထုတ်ပြီး တရုတ်ပြည်မကြီးအား အစားထိုးလာခဲ့ခြင်း ဖြစ်သည်။
တရုတ်တို့ဘက်က ယခုအခါ နှစ် ၈၀ မြောက် ဂျပန်အပေါ် စစ်အောင်နိုင်ခြင်း အထိမ်းအမှတ် အခမ်းအနား မတိုင်မီ ၎င်းတို့ မြန်မာအား ဒုတိယကမ္ဘာစစ်အတွင်း အတူ လက်တွဲတိုက်ခိုက်ခဲ့သယောင် အလိမ်အညာများ ရောချ ပြောဆိုလာခဲ့ကြသည်ကို တွေ့လာ ကြားလာရသည်။
လက်ရှိအနေအထားကို မည်သို့မျှ တည်ငြိမ်စွာဖြင့် မရပ်တည်နိုင်တော့ဘဲ နိုင်ငံရေးသမားဆိုသူ အချို့က အားမလို အားမရ ဖြစ်ကာ သွေးရူးသွေးတမ်း ပြောဆိုလာနေချိန်တွင် တော်လှန်ရေး အင်အားစုများက စစ်ရေးအရှိန်ကို မသိမသာ မြှင့်တင်လာနေကြပြီ ဖြစ်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့ကြား အာရှလမ်းမပေါ်တွင် ပိတ်မိနေသည့် အောင်ဇေယျစစ်ကြောင်းအား စစ်ကူပေးရန် စေလွှတ်လိုက်သည့် အင်အား ၂,၀၀၀ ခန့်ပါ စစ်အုပ်စု၏ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ကော့ကရိတ်အကျော် နဘူး၊ ကော့နွဲ့လမ်းမှာ ထပ်ပြီး ပိတ်မိသွားပြန်ပြီ ဆိုသော သတင်း။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ်လ ၂၆ ရက် သင်တန်းချိန်အတွင်း ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ရာ စာသင်ခန်းအတွင်းရှိ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး စုစုပေါင်း ၂၀ ထက် မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသွားသည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။