
တရုတ်နဲ့ အမြဲအတူရှိခဲ့သလို အခုအခါမှာလည်း ဆက်အတူရှိနေမှာ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မြို့တော် ပေကျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
ပေကျင်းမှာကျင်းပမယ့် တရုတ်စစ်အောင်ပွဲ အနှစ် ၈၀ ပြည့် ဧရာမစစ်ရေးပြပွဲကြီး မတိုင်မီ တရက်အလို စက်တင်ဘာ ၂ ရက်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ သီးသန့်ဆွေးနွေးပွဲ ထပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစည်းအဝေးကိုလည်း အတူတက်ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။
ပူတင်က ရှီကို မိတ်ဆွေကြီး၊ အဆွေတော်လို့ အဓိပ္ပာယ်ရတဲ့ Dear Friend လို့ သုံးနှုန်းပြီးတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ မကြုံစဘူးအဆင့်တခုကို ရောက်ရှိနေပြီလို့ မှတ်ချက်ချခဲ့ပါတယ်။
တရုတ်-ရုရှား ဆက်ဆံရေးဟာ နိုင်ငံတကာအပြောင်းအလဲတွေရဲ့ စမ်းသပ်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ ရှီကျင့်ဖျင်က တုံ့ပြန်ခဲ့ပါတယ်။
ပေကျင်းဟာ မော်စကိုနဲ့အတူ ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်တဲ့ ကမ္ဘာ့အုပ်ချုပ်မှုစနစ်တရပ် တည်ဆောက်ရေး အားပေးမြှင့်တင်သွားမယ်လို့ ရှီက တုံ့ပြန်ပြောခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး တရုတ်ပြည်မှာ ဂျပန်တပ်တွေ လက်နက်ချမှု အနှစ် ၈၀ ပြည့် အထိမ်းအမှတ် အနေနဲ့ အကြီးကျယ်ဆုံး စစ်ရေးပြပွဲကြီးကို စက်တင်ဘာ ၃ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
မေလတုန်းကလည်း ရုရှားနိုင်ငံမှာ နာဇီဂျာမနီကို အနိုင်ရမှု အနှစ် ၈၀ ပြည့် အခမ်းအနား ကျင်းပခဲ့တုန်းကလည်း ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။
Source: Reuters