
တရုတ်မှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့ဟာ ပူတင်စီးနင်းလာတဲ့ ကားထဲမှာ ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ မိုဒီက ပြောပါတယ်။
ပူတင်နဲ့ ကားထဲမှာရိုက်ထားတဲ့ ဓာတ်ပုံကို မိုဒီက လူမှုကွန်ရက် X မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ ဒါဟာ နှစ်နိုင်ငံခေါင်းဆောင်တွေ အဖွဲ့လိုက် တရားဝင်တွေ့ဆုံဆွေးနွေးမှုအပြင် အလွတ်သဘော နှစ်ယောက်တည်း သီးခြားတွေ့ဆုံမှု ဖြစ်ပါတယ်။
“ကိုယ့်အိမ်ကိုယ့်ယာ ရောက်နေကြသလိုပါပဲ။ သက်သောင့်သက်သာနဲ့ အဆင်ပြေတော့ စကားဆက်ပြောဖြစ်သွားကြတာပါ” လို့ ပူတင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု (SCO) ထိပ်သီးဆွေးနွေးပွဲ တက်လာတဲ့ ခေါင်းဆောင်နှစ်ယောက်စလုံးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဖိအားနဲ့ ရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်။
ရုရှားရေနံနဲ့ လက်နက်ဝယ်တဲ့အတွက် အမေရိကန်ကိုပို့တဲ့ အိန္ဒိယကုန်စည်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ထပ်တိုးစည်းကြပ်မှုဟာ ကမ္ဘာမှာ အမြင့်ဆုံးဖြစ်ပါတယ်။
တဖက်မှာလည်း ပူတင်ဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထရမ့်ပ်ရဲ့ ဖိအားပေးမှု ခံနေရတာ ဖြစ်ပါတယ်။
အိန္ဒိယဟာ ဒီလို အခွန်တိုးကောက်ခံရပေမဲ့ ရုရှားဆီက ဝယ်ယူမှုတွေ ရပ်တန့်မယ့် အရိပ်အယောင် မပြခဲ့ပါဘူး။
အိန္ဒိယဟာ အင်ဒိုပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ မဟာဗျူဟာ မိတ်ဖက်ဖြစ်ပေမဲ့ ရုရှားနဲ့ ဆက်ဆံရေးဟာ ဟိုးယခင်ကတည်း ပိုမိုနက်ရှိုင်းမှု ရှိခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေရဲ့ ပံ့ပိုးမှုနဲ့ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး အဆင်ပြေအောင် အားထုတ်မှုတွေအတွက် ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံ၊ တီယန်ကျင်းမှာ လုပ်တဲ့ ဆွေးနွေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။
Source: Reuters