Home
နိုင်ငံတကာ
တရုတ်ကို ရပ်တန့်၍ မရနိုင်တော့ဟု ရှီကျင့်ဖျင်ကြွေးကြော်၊ ရှီ-ပူတင်-ကင်မ်တို့ ပေါင်းကြံနေပြီဟု ထရမ့်ပ် ခနဲ့
DVB
·
September 3, 2025
Photo: Sputnik/Sergey Bobylev/Pool via REUTERS

တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့နိုင်ငံကို ရပ်တန့်လို့မရတော့ဘူးလို့ ကြွေးကြော်လိုက်ပြီး၊ အနိုင်ကျင့်ဗိုလ်ကျသူတွေကို ကြောက်လန့်သွားမှာမဟုတ်ဘူးလို့ပါ ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၃ ရက်မှာ ကျင်းပတဲ့  ဒုတိယကမ္ဘာစစ် အဆုံးသတ်မှု၊ ဂျပန်လက်နက်ချအပြီး တရုတ်-ဂျပန်စစ်ပွဲအဆုံးသတ်မှု အနှစ် ၈၀ ပြည့် အထိမ်းအမှတ်အောင်ပွဲနေ့ (Victory Day) စစ်ရေးပြပွဲမှာ ရှီက အခုလို ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။

တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားခေါင်းဆောင်တွေ အမေရိကန်ကို ပေါင်းကြံနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူမှုကွန်ရက်မှာ ခနဲ့တဲ့တဲ့ ရေးသားဝေဖန်ခဲ့ပါတယ်။ 

ရှီရဲ့ မိန့်ခွန်းမှာ တရုတ်ပြည်သူတွေအနေနဲ့  ဂျပန်အပေါ် ဒုတိယကမ္ဘာစစ် အောင်ပွဲ အမှတ်ရကြဖို့၊ လူသားမျိုးနွယ်ဟာ အတူတိုးတက်၊ အတူကျဆုံးတယ်ဆိုတာကို သတိပြုမိကြိဖို့လည်း ပြောကြားခဲ့ပါတယ်။

စစ်ရေးပြပွဲမှာ တရုတ်က လေဆာလက်နက်တွေ၊ နျူကလီးယားပဲ့ထိန်းဒုံးကျည်တွေနဲ့ ဧရာမ ရေအောက်ဒရုန်းတွေ အပါအဝင် နောက်ဆုံးပေါ်လေဆာလက်နက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ရှီဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ကို ဘယ်ညာခြံရံပြီး နိုင်ငံ့ခေါင်းဆောင် ၂၆ ယောက်နဲ့အတူ စစ်ရေးပြကွင်းထဲ ဝင်ရောက်လာခဲ့ပါတယ်။

ဒါဟာ ရှီ၊ ပူတင်နဲ့ ကင်တို့ ပထမဆုံးအကြိမ်အတူတွဲတွေ့ရတာဖြစ်ပါတယ်။  "ဖြေကြားရမယ့် အဓိကမေးခွန်းကတော့ တရုတ်နိုင်ငံဟာ အင်မတန်ရန်လိုတဲ့ ပြည်ပကျူးကျော်သူတယောက်ရဲ့ လက်ကနေ လွတ်မြောက်ပြီး လွတ်လပ်ရေးရဖို့အတွက် အမေရိကန်ပြည်ထောင်စုက ပေးခဲ့တဲ့ ကြီးမားလှတဲ့ အကူအညီအထောက်အပံ့တွေနဲ့ “သွေး” တွေအကြောင်းကို တရုတ်သမ္မတ ရှီက ထည့်သွင်းပြောဆိုမလား မပြောဆိုဘူးလား ဆိုတာပါပဲ"လို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားမေးခွန်းထုတ်ခဲ့ ပါတယ်။

ထရမ့်ပ်က"တရုတ်နိုင်ငံရဲ့ အောင်ပွဲနဲ့ ဂုဏ်ကျက်သရေအတွက် ကြိုးပမ်းမှုမှာ အမေရိကန်နိုင်ငံသား အများအပြား အသက်ပေးခဲ့ရပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအတွက် သူတို့ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု အောက်မေ့ကြလိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ သမ္မတရှီနဲ့ အံ့ဩဖွယ်ကောင်းတဲ့ တရုတ်ပြည်သူပြည်သားတွေအတွက် ကြီးကျယ်ပြီး အဓွန့်ရှည်တည်တံ့မယ့် အထိမ်းအမှတ်နေ့တနေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" လို့ ပြောပါတယ်။

"ခင်ဗျားတို့ အမေရိကန်ပြည်ထောင်စုကို ပူးပေါင်းကြံစည်နေကြချိန်မှာ ဗလာဒီမာပူတင်နဲ့ ကင်မ်ဂျုံအန်းကိုလည်း ကျနော့်ရဲ့ အနွေးထွေးဆုံး နှုတ်ခွန်းဆက်စကားပါးပေးပါဦး" လို့ ထရမ့်ပ်က သူ့ပို့စ် နောက်ဆုံးမှာ ခနဲ့ ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013