
ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေက ဦးဆောင်ရမှာဖြစ်ပြီး ဆန့်ကျင်နှောင့်ယှက်သူတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူဖို့ စစ်ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကောင်စီအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
“မိမိတို့အဖွဲ့အစည်းမှာ နိုင်ငံကောင်းအောင်လုပ်ဆောင်နေသူများဖြစ်တဲ့အတွက် ရွေးကောက်ပွကို အောင်မြင်အောင်လုပ်ဆောင်သွားမှာဖြစ်ပြီး ဆန့်ကျင်နှောင့်ယှက်သူများကို ဥပဒေအရ ထိရောက်စွာအရေးယူသွားဖို့ ဌာနဆိုင်ရာဝန်ကြီးဌာနတွေမှာ တာဝန်ရှိတယ်” လို့ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ဘေးကင်းလုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်ရေးကို လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်ပေးရမယ်လို့ ပြောဆိုခဲ့ပါတယ်။
စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင်ကလည်း စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲဆန့်ကျင်နှောင့်ယှက်သူတွေဟာ ပြည်တွင်းကဖြစ်ပါက လိုက်လံရှာဖွေအရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ပွဲတက်ခဲ့သူတယောက်က DVB ကို ပြောပါတယ်။
"သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ KNU နဲ့ AA ကို ဘယ်လိုလုပ်မလဲမေးတော့ ပြည်ထဲရေးနဲ့ချိတ်ပြီး ဥပဒေအရ အရေးယူဖို့ စီစဥ်နေတယ်၊ ရွေးကောက်ပွဲဆန့်ကျင်သူတွေ ပြည်တွင်းမှာရှိရင် မရ ရအောင်ရှာပြီး ဥပဒေအရ အရေးသူသွားမယ်လို့ UEC က ပြောတယ်။”
UEC က အရေးယူမယ်ဆိုတဲ့ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုထဲက ၁၄ ခုကို သိမ်းထားတဲ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကိုပါ သိမ်ဆည်းပြီး အုပ်ချုပ်ရေးထူထောင်ထားပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း မြန်မာနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်တပ် အခြေစိုက်စခန်းအများစုကို သိမ်းပိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ပါတယ်။
စစ်ကောင်စီက စက်တင်ဘာ ၉ ရက်မှာ ရွေးကာဥပဒေနဲ့ ပထမဆုံးဖမ်းဆီးခဲ့တဲ့ တောင်ကြီးမြို့က ကိုနေသွေးကို ပုဒ်မ ၂၃ /က အနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်ချခဲ့တာလည်းရှိပါတယ်။
စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီးပြောဆိုချက်အရ စက်တင်ဘာ ၂ ရက်အထိ ရွေးကာဥပဒေနဲ့ အမှုဖွင့်ခံထားရသူ ၃ ယောက်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူမှန်သမျှ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ရွေးကာဥပဒေကို ဇူလိုင် ၂၉ ရက် ညမှာ စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကာဥပဒေ လို့ခေါ်တဲ့ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” မှာ အခန်း ၈ ခန်းနဲ့ ပုဒ်မ ၃၂ ခုရှိပြီး ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ပါပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီနှစ်ကုန်ကစပြီး ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေက အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်နေကြတာဖြစ်ပါတယ်။