Home
မြန်မာသတင်း
ရွေးကာဥပဒေဖြင့် ပြည်သူများ မတရား ဖမ်းဆီးခံရမည်ကို သတိထားရန်လို
DVB
·
September 15, 2025

အာဏာသိမ်း စစ်တပ်က ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ပြည်သူတွေအပေါ် မတရား ဖမ်းဆီးတာ၊ ငွေညှစ်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အထူးသတိထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က သတိပေးပါတယ်။

အာဏာသိမ်း စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ဝေဖန်ခဲ့သူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ကိုနေသွေးကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ (ရွေးကာဥပဒေ) နဲ့ ပထမဆုံး ဖမ်းဆီးခဲ့ပြီးနောက် စက်တင်ဘာ ၉ ရက်မှာ စစ်ခုံရုံးကနေ ပုဒ်မ ၂၃/က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

ရွေးကာဥပဒေလို့ ခေါ်တဲ့ “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” မှာ အခန်း ၈ ခန်းနဲ့ ပုဒ်မ ၃၂ ခုရှိပြီး၊ ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ပါဝင်ပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ပြည်သူလူထုအပေါ် မတရား ဖမ်းဆီးတာ၊ ငွေညှစ်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အထူးသတိထားကြဖို့ NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က DVB ကို ပြောပါတယ်။

“ကျနော်တို့ ပြည်သူတွေအနေနဲ့ အရမ်းသတိထားဖို့ လိုတယ်။ အချိန်မရွေး ကိုယ့်ကို ပြဿနာ လာရှာနိုင်တယ်။ နောက်တခုက မှတ်တမ်းတင်ထားဖို့ လိုတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနိုင်တယ်။ ၆၃ မြို့နယ်ကတော့ စစ်အုပ်ချုပ်ရေး ကြေညာထားတယ်။ ဒါပေမဲ့ ၆၃ မြို့နယ်ထဲမှာ ငါတို့မြို့ မပါဘူးဆိုပြီး အေးဆေးနေလို့ မရဘူး။ သူတို့ နိုင်လွတ်လုံ ဥပဒေလည်း ပုဒ်မ ၃ ခုကို ရုပ်သိမ်းထားတယ်။ ဒါဆိုရင် ပြည်သူတွေကို လုပ်ချင်ရာ လုပ်မယ့်သဘောပဲ။ အမှန်ပြောရင် စစ်အုပ်ချုပ်ရေး ဥပဒေက ၆၃ မြို့နယ်ထဲ မဟုတ်ဘူး။ တနိုင်ငံလုံးပဲ အခြေအနေက။ အဲဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရားမှုတွေက ဒီ ဒီဇင်ဘာ မတိုင်ခင် အများကြီး ရှိလာနိုင်တယ်။ ရှိလာနိုင်တယ် မဟုတ်ဘူး။ တကယ်လည်း ဖြစ်နေပြီ။ အခုဆိုရင် ဗုံးကြဲတာတွေ၊ စစ်ကြောင်း ထိုးတာတွေ၊ ‌ရွာတွေ မီးရှို့တာတွေ၊ ပြည်သူတွေကို ပေါ်တာဆွဲတာတွေ၊ အဓမ္မ စစ်သား စုဆောင်းတာတွေ ပိုပိုလုပ်လာတယ်။ ဒါကြောင့် ပြည်သူတွေ ပိုပြီးသတိထားဖို့ လိုတယ်။”

စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူ မှန်သမျှကို သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ရွေးကာ ဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ဇူလိုင် ၂၉ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူ လက်မခံတဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပြီး၊ စစ်တပ်က အမည်ခံ အရပ်သားအစိုးရ ဖြစ်ချင်လို့ တရားဝင်အောင် ကြိုးစားနေတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။

“ဒီရွေးကောက်ပွဲအတုကို အကြောင်းပြပြီး အဖမ်းခံရမယ့် ပြည်သူပေါင်း၊ အနှိပ်စက်ခံရမယ့် ပြည်သူပေါင်း၊ ငွေညှစ်ခံရမယ့် ပြည်သူပေါင်း နည်းမယ် မထင်ဘူး။ အလားတူပဲ ဒီ ရွေးကောက်ပွဲ အတုမှသည် သေချာတယ် စစ်အုပ်စုက တရားမဝင် အာဏာသိမ်း ဖက်ဆစ်တပ်ကနေ သူတို့ခေါ်တဲ့ အမည်ခံ အရပ်သား အစိုးရ ဆိုတာကို ပြောင်းချင်တာပေါ့။ သူတို့မှာ လုံးဝ ကင်းမဲ့နေတဲ့ တရားဝင်မှု၊ နိုင်ငံတကာအလယ်မှာ လူတန်းပြန်ဝင်ချင်လို့ ကြိုးစားနေတဲ့ လုပ်ရပ်ပါပဲ။ ခက်တာက ဒါကို ကျနော်တို့ ပြည်သူ အားလုံးကလည်း သိတယ်။ ဒါကြောင့် စစ်အုပ်စု ဓားမိုး၊ သေနတ်မိုးပြီး အုပ်ချုပ်နေတဲ့ ရန်ကုန်၊ မန္တလေးလို မြို့ပေါ်က ပြည်သူကလည်း တကယ်တော့ သူတို့ရဲ့ ပင်ကိုသဘာဝ စိတ်ဆန္ဒအရ ဒီရွေးကောက်ပွဲအတုအပေါ်မှာ စိတ်ဝင်စားမှာလည်း မဟုတ်ဘူး။ လက်ခံမှာလည်း မဟုတ်ဘူးဗျ။”

ပြည်တွင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင် နှောင့်ယှက်သူတွေကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး ရှာဖွေ အရေးယူသွားမယ်လို့ စစ်တပ်ဩဇာခံ  ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၁ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်အထိ ရွေးကာဥပဒေနဲ့ အမှုဖွင့်ခံထားရသူ ၃ ယောက်ရှိတယ်လို့ စက်တင်ဘာ ၅ ရက်က ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013