
စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိသလို ပြည်သူတွေကလည်း မဲပေးဖို့ စိတ်ဝင်စားခြင်း မရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒေသခံတွေက ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တယ်ဆိုပြီး လိမ်လည်ဖော်ပြတာမျိုး ရှိလာနိုင်တယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ စစ်ကိုင်းတိုင်း နေရာစုံမှာ ကျင်းပဖို့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်စလုံးမှာ စစ်ရေးမတည်ငြိမ်မှုတွေ ဖြစ်နေတာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေခံလိုအပ်ချက်တွေနဲ့ မပြည့်စုံတဲ့အခြေအနေမှာရှိ နေတာပါ။
စစ်ကိုင်းတိုင်း ၉ မြို့နယ်ကို စစ်ကောင်စီက ဇူလိုင် ၃၁ ရက်မှာ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး အဲဒီ ၉ မြို့နယ်ထဲမှာ ပါဝင်တဲ့ ကနီမြို့နယ်ဒေသခံတွေက အခုလို မှတ်ချက်ပေးပါတယ်။
ကနီဒေသခံတယောက်က “ဒီဘက်ကတော့ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တော်တော်လေးကို ဆိတ်ငြိမ်နေပါတယ်။ ကနီမြို့နယ်ကတော့ သိပ်ပြီးတော့ လုပ်နိုင်လိမ့်မယ်လည်း မထင်ပါဘူး၊ လုပ်နိုင်ခဲ့ရင် လာလုပ်ဖြစ်ရင် မဲကတော့ ထည့်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထည့်ကြမှာမဟုတ်ပါဘူး ဆိုပေမဲ့ သူတို့က ရှိတယ်လေ။ ညစ်ပတ်မယ့် ဉာဏ်တွေက အများကြီးရှိပြီးသား။ ကျနော်တို့နာမည်၊ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် သူတို့မြို့နယ်မှာ ရှိပြီးသားကိုးဗျ၊ ရှိပြီးသားဆိုတော့ သူတို့က လာထည့်တယ်ပဲ လုပ်ချင်လုပ်မှာပေါ့ဗျာ၊ ဒီလိုပဲ လိမ်ခဲ့ပေါင်းကလည်း ရှေ့လည်း အစဉ်အဆက်ရှိခဲ့ပြီးသားကို” လို့ ပြောပါတယ်။
ကနီဒေသခံ အမျိုးသမီးတယောက်က “တဖက်ကို ချောင်ပိတ်ရိုက်ထားပြီး သူ ထင်ရာ သူ လုပ်နေတယ်လို့ ထင်တယ်။ ကိုယ့်အမြင်ပေါ့လေ။ ကိုယ်ကလည်း အဲဒီလောက် ပညာတတ် မဟုတ်တော့ မစဉ်းစားတတ်ဘူ။ တဖက်က အမေစုက အကျဉ်းထောင်မှာလေ ဘယ်မှာမှန်းတောင် မသိဘူး၊ လက်ရှိ မြင်တောင်မမြင်ရဘူး။ အဲဒါကို သူကကျ တဖက်မှာ ရွေးကောက်ပွဲ လုပ်မယ်ပြောနေတာ။ အဲဒီရွေးကောက်ပွဲက နောက်ထပ်လာမယ့် ပြိုင်မယ့်ပါတီဝင်တွေကရော ဘယ်လိုဟာတွေတုန်း သမီးတို့လည်း မသိရဘူး။ နဂိုဆိုရင် စလာတယ်ဆိုရင် သူ့ရဲ့ လက်ကမ်းစာစောင်တွေ ဘာတွေ လာတယ်လေ၊ အခုက အဲဒါတွေလည်း မမြင်ရဘူး မသိရဘူး။ သူ့ဟာနဲ့သူတင် လုပ်ပြီးတော့ တဖက်လှည့်လုပ်သွားရင်လည်း သူ့ဟာသူ နိုင်သွားမှာပါပဲ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနဲ့ အင်းတော်မြို့နယ်တို့ကို စစ်ကောင်စီက ဇူလိုင် ၃၁ ရက်နေ့မှာ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတာပါ။
ကြေညာချက်အရ အဲ့ဒီ ၉ မြို့နယ်ကို ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ့် အခြေအနေရှိပြီး ကျန်တဲ့မြို့နယ်တွေကိုတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အချိုသတ်စည်းရုံးချင်တဲ့ အခြေအနေဖြစ်တယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတွေက မှတ်ချက်ပေးထားပါတယ်။
ကနီဒေသခံတယောက်က “မဲပေးဖို့ဆိုတာ စဉ်းလည်းမစဉ်းစားဘူး။ အိပ်မက်ထဲတောင် မထည့်ဘူး။ ဒါ ရှင်းရှင်းလေးပဲ ကျနော့်ရဲ့ခံစားချက်။ ကျနော့်နိုင်ငံနဲ့ ကျနော်ချစ်တဲ့အမေစုကို ကျနော်ပေးဖူးတယ်။ ဒါ လက်နက်ကိုင်ဘဝက ကျနော်တို့က အသက် ၅၀ ကျော်သွားလို့မို့။ ရွေးကောက်ပွဲ ဆိုတာကတော့ သူတို့ဘာသာ ဘာနဲ့ပဲလုပ်လုပ် စိတ်ကူးထဲလည်းမရှိဘူး၊ စဉ်းလည်းမစဉ်းစားဘူး။ သူတို့ကိုလည်း မဝေဖန်ဘူး၊ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို အားပေးမယ်၊ ကူညီမယ် ထောက်ပံ့မယ် ဒါပဲ” လို့ ပြောပါတယ်။
ကနီဒေသခံအမျိုးသမီးတယောက်က “မဲပုံးထောင်ဖို့ရာ သူတို့ ဒီဘက် အခြေအနေမရှိဘူး၊ ဒီဘက်တွေကတော့ သူတို့ မလာဘူး။ ရှောင်သင့်တဲ့နေရာ ရှောင်နေလိုက်မှာပဲ မဲကတော့ မထည့်ဘူး၊ ဘာလို့ဆို သူတို့ မလွတ်လပ်ဘူး၊ လွတ်လပ်ဖို့ ဆိုရင်လည်း ပြည်သူတွေနဲ့သူတို့ သဟဇာတဖြစ်ဖို့ လိုတယ်။ သူတို့ဘက်ကလည်း အေးအေးချမ်းချမ်း ကိုယ့်ဘက်ကလည်း၊ အေးအေးချမ်းချမ်း ဆိုရင်တော့ ဒါ မဲပေးကြမှာပဲ။ သူတို့ဘက်ကမှ မအေးဘဲနဲ့ အဓမ္မ အနိုင်ကျင့်နေမှတော့ မဲပေးဖို့ရာတော့ စိတ်ကူးထဲတောင် မရှိဘူး။ အများကလည်း ပေးမှာမဟုတ်ဘူး၊ ဒီဟာနဲ့က ဘယ်လိုပြောမလဲ အတိုက်အခံဖြစ်နေကြတဲ့ လူတွေချည်းပဲလေ” လို့ ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့ အဆိုးဆုံး ဖိအားပေး တိုက်ခိုက်တာ ခံခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။ နယ်မြေထိန်းချုပ်ရေး အကြောင်းပြချက်နဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင်တောင် စစ်ရေးပြဿနာတွေကြောင့် နိုင်ငံတဝန်း ၃၀ ရာခိုင်နှုန်းထက်မပိုတဲ့ ဒေသတချို့မှာသာ ပြုလုပ်နိုင်မယ့် အခြေအနေဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
သုတချမ်းသာ