
၂၀၂၅ ရွေးကောက်ပွဲဆိုတာ ၂၀၁၀ ရွေးကောက်ပွဲပါပဲလို့ ညောင်နာနာလေသံနဲ့ ပြည်သူကို စည်းရုံးရေးဆင်းနေသံ ကြားရတယ်။ နိုင်ငံရေးသမားပီသစွာ ကိုယ့်ယုံကြည်မှုကိုယ် ရဲရဲတင်းတင်း၊ လက်သီးလက်မောင်းတန်း ဟစ်ကြွေးနေခြင်းတော့ မဟုတ်၊ တကယ့်ကို တိုးတိုးကြိတ်ကြိတ်။
ဘယ်သူတွေများလဲလို့ ကြည့်လိုက်တော့ ဒီမိုကရေစီ အရေခြုံပြီး ကိုယ့်ကိုယ်ကိုယ်လည်း မလုံတဲ့ ပါတီတွေနဲ့ တိုင်းရင်းသားသစ္စာဖောက် ပါတီများ။ ၂၀၁၀ ရွေးကောက်ပွဲက စစ်တပိုင်း ဒီမိုကရေစီကို ဖော်ဆောင်ခဲ့သလိုမျိုး အခုလည်း ၂၀၂၅ ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ တံခါးပေါက်ပဲလို့ ဆိုတယ်။
အဲဒီတံခါးပေါက်ကို ပြည်သူတွေ အမြင်မကြည်မှန်းသိလျက်နဲ့ တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် သူတို့ အနာခံပြီးဖွင့်ဖို့ ရွေးကောက်ပွဲဝင်ခြင်းလို့လည်း ဆိုကြတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပြည်သူ့တံတွေးခွက်ထဲ ပက်လက်မျောလည်း ရဲရဲကြီး ခံလိုက်မယ်ဆိုတာမျိုး မျက်ရည်လည်း ချူကြသေးတယ်။
‘ကျနော်တို့လည်း ဒီလိုရွေးကောက်ပွဲမျိုးတော့ ဘယ်ဝင်ချင်ပါမလဲဗျာ’ တဲ့။ အသံက ခပ်တိုးတိုးလေး ရယ်။ ဒီလိုရွေးကောက်ပွဲက ဘယ်လို ရွေးကောက်ပွဲမျိုးမို့ မဝင်ချင်ရတာလဲ ဆိုတာတော့ အသေသာ ခံသွားမယ်၊ လုံးဝမပြော။ ပြည်သူ ရွေးချယ်ခံအစိုးရကို သေနတ်ထောက် ဖမ်းဆီးကာ စစ်တပ်က အာဏာသိမ်းခဲ့ကြောင်း မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တဲ့အချိန်ကစလို့ ဒီနေ့ထိတိုင် လုံးဝမပြော။ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ စစ်တပ် ဆိုတာကို ပြောဖို့ဆို အဝေးကြီး။
မော်လမြိုင်မြို့ခံမိတ်ဆွေတဦးက “တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် မတတ်သာလို့ ရွေးကောက်ပွဲဝင် ရတယ်ဆိုတာမျိုး လာပြောနေတော့ ငါ့မှာ (--) ပြန်ပြောချင်လိုက်တာ ပါးစပ်ကို ယားနေရော။ ပြောမိရင် အဖမ်းခံရမှာစိုးလို့ မျိုချလိုက်ရတာ” လို့ ဆိုတယ်။
ဖျက်သိမ်းခံလိုက်ရတဲ့ အမျိုးသမီးပါတီ(မွန်)ကျတော့ ပါတီအနိုင်ရရေးအတွက် ရွေးကောက်ပွဲဝင်တာ မဟုတ်ဘဲ ပါတီရေရှည်တည်တံ့ရေးအတွက်လို့ ဆင်ခြေပေးတယ်။ ပြောတော့ ပါတီတည်တံ့ရေး၊ ဝင်ပြိုင်တော့ တနိုင်ငံလုံးအတိုင်းအတာ။ ပါတီတည်တံ့ရေးအတွက်ဆို ပြည်နယ်အဆင့်လောက် နည်းနည်းပါးပါး ဝင်ပြိုင်ရရဲ့ မဟုတ်လား။ ထားတော့။
သူတို့အားလုံးရဲ့ တူညီတဲ့ ဆန္ဒက ပြည်သူတွေ မဲမပေးမှာ သိပ်စိုးရိမ်ကြတာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အဓိကပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီက အစစအရာရာ အသာစီးရထားသလို အာဏာနဲ့ သိုက်တူးခြင်းအရသာကို ကောင်းကောင်းသိခဲ့တဲ့ ပြည်ခိုင်ဖြိုး ဆိုတာက ဘယ်သူ့ကိုမှ မညှာ။ ငါချည်းပဲ အကုန်သိမ်းကျုံးအနိုင်ယူလိုက်မယ်ဆိုတဲ့ အစား။
ပြီးတော့ အခု တနိုင်ငံလုံးမှာ ဝင်ပြိုင်မယ်ဆိုတဲ့ ပြည်သူ့ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အမတ်လောင်း ၁၄၄ ဦး ဝင်ပြိုင်ခဲ့ပေမဲ့ တနေရာမှ မနိုင်။ NLD ပါတီ ကနေ ထွက်သွားတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဆိုရင်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်လောင်း ၂၃၄ ဦး ဝင်ပြိုင်ခဲ့ပေမဲ့ ဘဲဥမကွဲ။ NLDပါတီခွဲထွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) လတ်တလော ဖျက်သိမ်းခံခဲ့ရတဲ့ ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အရှုံးပက်စက်ချက်က အမတ်လောင်း ၁၀၄ ဦး ဝင်ပြိုင်ခဲ့ပေမဲ့ သုညမို့ ရွေးကောက်ပွဲဆိုတဲ့ အသံကြားတာနဲ့တင် ဖျာလိပ်ထဲ ခေါင်းဝင်ချင် ဆိုတာမျိုး ရှုံးစိတ်အခံက တင်းပြည့်ကျပ်ပြည့်။
ဒါပေမဲ့၊ လူထုထောက်ခံမှု သိပ်ကြီးတဲ့ NLD ပါတီကို နောင်ဘဝမှာလည်း သူတို့ မယှဉ်နိုင်မှန်း သိကြပေမဲ့ ပြည်ခိုင်ဖြိုးပါတီကိုတော့ သူတို့ သိပ်မဖြုံ။ ပြည်ခိုင်ဖြိုးပါတီမှာ သူ့ပရိသတ်နဲ့သူ ရှိပေမဲ့ ဧရာမပြည်သူအုပ်စုကြီးက ပြည်ခိုင်ဖြိုးကို ချေးထက်တောင် ရွံကြတယ်မဟုတ်လား။ ပြည်သူတွေသာ သူတို့ကို မဲပေးခဲ့မယ်ဆိုရင် ပြည်ခိုင်ဖြိုးကို နောက်ကောက်ချနိုင်မှာ သေချာ။
ပြဿနာက ပြည်သူတွေကိုယ်တိုင်က စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးလောက် မဟုတ်တောင် သူတို့ကိုလည်း ရွံရှာနေကြတာဆိုတော့ ပြည်သူတွေ မဲလာထည့်ဖို့က မဖြစ်နိုင်။ ပြည်ခိုင်ဖြိုးမှာရှိတဲ့ သူတို့ရဲ့ အမာခံလူတွေက သူတို့ပါတီသူတို့ မဲပေးမှာ ကျိန်းသေနေပေမဲ့ ဒီမိုကရေစီအရေခြုံပါတီနဲ့ တိုင်းရင်းသားသစ္စာဖောက် ပါတီတွေအတွက် ပြည်သူတွေ မဲလာထည့်ကြဖို့ဆိုတာ အိပ်မက်ပမာ။
ဒါနဲ့ ပြည်သူတွေ မဲရုံလာဖို့အရေး ထွင်လုံး ခြောက်လုံးတွေ သုံးဖို့လိုလာတယ်။ ပထမနည်းလမ်းက ပြည်သူကို မျက်ရည်ခံထိုးတဲ့လမ်း။ ပြည်သူတွေသာ မဲမပေးရင် ပြည်ခိုင်ဖြိုး အနိုင်ရသွားမှာမို့ အနာဂတ် ရွှေပြည် စစ်တပ်အပေါင်း ပြည်ခိုင်ဖြိုးနဲ့ ခွေးဇာတ်သာ ခင်းဖို့ရှိတာကြောင့် ပြည်ခိုင် ဖြိုးဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ ဒီမိုကရေစီပါတီတွေကို မဲလာပေးကြပါပေါ့။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ခင်မောင်ဆွေတို့၊ သိန်းညွန့်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) တို့ ဘာတို့ အော်ဟစ်ခဲ့တဲ့ပုံစံ။
၂၀၁၀ တုန်းက ဒီမိုကရေစီယောင်ယောင်ပါတီတွေက အဲဒီလို ရဲရဲတင်းတင်း အော်ဟစ် မဲဆွယ်ခဲ့ကြပေမဲ့ အခုကျတော့ ပြည်ခိုင်ဖြိုးပါတီကို ပြောင်ပြောင်တင်းတင်း ထိပါးလို့ မရခြင်းက တကယ့်ပြဿနာ။ ပြည်ခိုင်ဖြိုးကို ထိလို့ဆိုပြီး နေပြည်တော်အဘကြီးတွေက မကြည်ဖြူရင် အညာမှာ ရွာလုံးကျွတ် မီးရှို့ခံရသလိုမျိုး တပါတီလုံး ပျောက်ဆုံးစာရင်းထဲ ရောက်သွားနိုင်တာမို့ ကြောက်ရ။ အဘကြီးတွေက ကွိုင်မရှာဘူးထား၊ ပြည်ခိုင်ဖြိုးမှာက ဗြောက်တွေ အများကြီး။ အခု နေရာတိုင်းမှာ ဓားထက်နေတဲ့ ပျူစောထီး ဆိုတာက ပြည်ခိုင်ဖြိုးနဲ့ မကင်းရာမကင်းကြောင်းတွေပဲ ဆိုတော့ ပုရွတ်ဆိတ် သတ်ရတာထက် ပိုခက်လည်း နည်းနည်း။ သတ်ပြီးရင် PDF လုပ်တာပါလို့ ထိုးချလိုက်ရင် တချက်ခုတ်နှစ်ချက်ပြတ် အမြတ်တွေချည်းမို့ ပြည်ခိုင်ဖြိုးကို ထိပါး စည်းရုံးချင်လည်း ရပ်ကွက်ထဲ မူးယစ်ဆေးအရောင်းအဝယ်လုပ်သလို တိုးတိုးတိတ်တိတ် လုပ်နိုင်မှ။
နောက်တနည်းကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ကာ သပိတ်မှောက်မဲမပေးကြဖို့ လှုံ့ဆော်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို အဘကြီးတို့အကြိုက် လက်သီးလက်မောင်းတန်း ပြန်ကန့်ကွက်။ ပြီးရင်တော့ အဘကြီးတို့ထံ မယားငယ်ခြေလှမ်းမျိုးနဲ့ တိုးတိုးတိတ်တိတ် အခစားဝင်ကာ မျက်ရည်ခံထိုးတဲ့လမ်း။ ဘယ်လို မျက်ရည်ခံထိုးမလဲဆိုတော့ ဒင်းတို့ (တော်လှန်ရေးအင်အားစု) ကြောင့် ပြည်သူတွေ မဲလာမပေးရင် နိုင်ငံတကာအလယ် အရှက်ရနိုင်တာကြောင့် အဘကြီးတို့မူအတိုင်း ပြည်သူတွေကို ခြိမ်းခြောက်ကာ မဲရုံသွားခိုင်းဖို့။
ဘာပဲဖြစ်ဖြစ် အဘကြီးတွေကို ဖားနိုင်ဖို့လိုတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အဘကြီးတွေအကြိုက် ရိုကျိုးပြကာ ကိုယ်လိုရင် ဆွဲယူတတ်ဖို့လည်း လိုတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အဘကြီးတို့ စွန့်ကြဲမှသာ အာဏာလေး ငါးပြား၊ ဆယ်ပြား ရနိုင်မယ် မဟုတ်လား။ ပြီးတော့ အဘကြီးတို့ ကျေးဇူးကြောင့်သာ NLD ပါတီ မပါ၊ NLD ပါတီမပါတဲ့ ရွေးကောက်ပွဲမို့သာ အမတ်လေးဘာလေး မျှော်လင့်နိုင်ရှာတယ်မဟုတ်လား။
တရားမဝင်ရွေးကောက်ပွဲမကလို့ ဘာကြီးပြောပြော။ ပြည်သူတွေ အငတ်ဘေးမကလို့ ဘာကြီး သင့်နေနေ။ အဘကြီးတို့ကြောင့်သာ လွှတ်တော်ထဲ ခေါင်းပေါင်းစ တလူလူလွင့်ကာ သိုက်တူး နိုင်မှာမို့ ဒီမိုကရေစီအရေခြုံတွေနဲ့ တိုင်းရင်းသားသစ္စာဖောက်တွေ ခွက်ချင်းတိုက်လိုက်ကြ။ အဘကြီး၊ အဘငယ် အပေါင်း အဓွန့်ရှည်ကြပါလိုကြောင်း…..။
လင်းဆက်ငြိမ်းချမ်း
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)