Home
ရုပ်သံ
ဒေါက်တာအေးမောင်ကို ဘာကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာလဲ
DVB
·
September 15, 2025

ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို စစ်ခေါင်းဆောင်က လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်းကို စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒေါက်တာအေးမောင်ဟာ ၂၀၁၈ ခုနှစ်အတွင်းက ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရတာပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာပဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ဥက္ကဋ္ဌ ကိုနေကျော်စိုးကတော့ ဒေါက်တာအေးမောင်ကို ဒီလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာက စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့နဲ့ ထိပ်ပိုင်း ရာထူးတနေရာကို ပေးနိုင်ဖို့လို့ ယူဆကြောင်း သုံးသပ်ပါတယ်။

“သူတို့ရဲ့ လက်ကိုင်တုတ်ဆိုတဲ့ သဘောမျိုးပေါ့နော်၊ အဲ့လိုမျိုး သူ အရင်ကတည်းကလည်း သူ့ရဲ့ ထောင်ကလွတ်လာကတည်းက စစ်ကောင်စီနဲ့ လက်တွဲရေးလမ်းကို သွားနေခဲ့တဲ့ သူတယောက်ပဲပေါ့။ ပြီးတော့လည်း ဒီမှာ တခြားသော ဒီမိုကရေစီအရေး လှုပ်ရှားတဲ့သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အဓိက ဆန့်ကျင်နေတဲ့ အချိန်မှာ ဒေါက်တာ‌အေးမောင်တို့ ကျတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့အုပ်စု ဖြစ်နေတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ အာဏာကို အကောင်းဆုံး လိုက်ဖက်ပေးမယ့် လူတယောက်အနေနဲ့ မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်မယ့် ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရမှာ ဒေါက်တာအေးမောင်ဟာ သူတို့ရဲ့ ထိပ်ပိုင်း ရာထူးတနေရာလောက်ကို ပေးမယ်လို့ လျာထားတဲ့ လူတယောက် ဖြစ်နိုင်တဲ့အတွက် တစ်ဆို့နေတဲ့ ရွေးကောက်ပွဲဝင်ခွင့်ကို ပယ်ဖျက်လိုက်တဲ့ သဘောပါ။”

ဒေါက်တာအေးမောင်ဟာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၈ အရ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိရာကနေ ခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာကြောင့် လာမယ့်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသွားပြီပဲ ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ လာမယ့် ရွေးကောက်ပွဲမှာ စစ်တွေခရိုင်မဲဆန္ဒနယ်အမှတ် ၃ က အမျိုးသားလွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) က လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်စလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ကြေညာထားပေမဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကလွဲလို့ ကျန်တဲ့မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ အောင်မြင်နိုင်ပါ့မလား။ စစ်အုပ်ကတော့ ဒီအခက်အခဲကို ရွေးကောက်ပွဲဥပဒေအရ နေရပ်ရွှေ့ပြောင်းထွက်ခွာရတဲ့သူတွေ ကြိုတင်မဲပေးတဲ့ ပုံစံမျိုးနဲ့ ကျော်လွှားနိုင်ခြေရှိတယ်လို့လည်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ ပြင်ပဆက်သွယ်ဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“ကျနော်တို့နိုင်ငံမှာ စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေရှိတယ်။ စစ်ရှောင်နေရတဲ့သူတွေက တချို့က ရန်ကုန်မှာ ရှိမယ်။ တချို့က ပြည်တို့၊ ဧရာဝတီတို့ ရှိတာပေါ့နော်။ အဲ့တော့ ဒီလူတွေက ကျနော်တို့ နိုင်ငံရဲ့ စနစ်မှာဆိုရင် ဧည့်စာရင်းတိုင်ပြီး နေထိုင်ရတယ်ဗျ။ အဲ့တော့ သူတို့ဆီမှာ ဧည့်စာရင်းစာအုပ် ဆိုတာ ရှိတယ်။ နောက်တခါကျတော့လည်း ဒီလူတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ စစ်ကောင်စီမှာ ထောက်ပံ့ကြေးပေးတဲ့ စနစ်တွေ ရှိပါတယ်။ အဲ့တော့ အဲဒီ ထောက်ပံ့ကြေးယူထားတဲ့ စာရင်းတွေလည်း ရှိတယ်ပေါ့နော်။ ရှိတော့ အခုချိန်မှာ သူတို့ရဲ့ ရွေးကောက်ပွဲ မဲပေးတဲ့သူတွေရဲ့ စာရင်းဇယားထဲမှာ နေရပ်ပြောင်းရွှေ့ထွက်ခွာရတဲ့သူတွေ ဆိုပြီးတော့ အမျိုးအစားတခုရှိတယ်။ အဲဒီလူတွေက မဲပေးရမယ်၊ မဲပေးတဲ့အခါမှာလည်း ကြိုတင်မဲပေးတဲ့ ပုံစံမျိုးပေါ့ဗျာ၊ အဲဒါကို ဖြည့်ပြီးတော့ မဲပေးခွင့်ရှိပါတယ်။ အဲ့တော့ ကျနော်ထင်တာက ရခိုင်ပြည်နယ်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ မဲရုံတွေဖွင့်ပြီးတော့ ရွေးကောက်ပွဲ လုပ်ချင်မှ လုပ်လို့ရမယ်။ ဒါပေမဲ့ ခုနကပြောတဲ့ နေရာရွှေ့ပြောင်း ထွက်ပြေးနေရတဲ့သူတွေက ခုနကပြောသလို ကြိုတင်မဲစနစ်နဲ့ မဲပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။”

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာကတော့ ရခိုင်ပြည်သူတွေရဲ့ လိုလားချက် မဟုတ်ဘူးလို့ AASYC ဥက္ကဋ္ဌ ကိုနေကျော်စိုးက  ဆိုပါတယ်။

“ရခိုင်ပြည်သူတွေရဲ့ လိုလားချက်ဆိုတာကတော့ လောလောဆယ်မှာ မဟုတ်ဘူးလို့ပဲ ပြောရမယ်။ ရခိုင်ပြည်သူတွေက လောလောဆယ်မှာ တပြည်နယ်လုံးအတိုင်းအတာအရ စစ်ပွဲကြောင့် ဒုက္ခရောက်နေရတဲ့အချိန်မှာ ရွေးကောက်ပွဲကို ခေါင်းထဲမှာတောင် မရှိတဲ့အချိန်မှာ ရခိုင်ပြည်သူတွေရဲ့ လိုလားချက်ဆိုတာ မဖြစ်နိုင်ဘူးဗျ။”

ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဒေါက်တာအေးမောင်ဟာ သားဖြစ်သူ ဦးတင်မောင်ဝင်းနဲ့အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် ဟောပြောပွဲမှာ ရခိုင်တွေကို ဗမာတွေရဲ့ ကျွန်လို့ပဲ သဘောထားနေကြောင်းနဲ့ ရခိုင့်အချုပ်အခြာအာဏာ ပြန်ရဖို့ လက်နက်ကိုင်နည်းနဲ့ လူထုဗဟိုပြုနိုင်ငံ‌ရေးနည်းတွေနဲ့ ကြိုးစားရမယ်ဆိုပြီး ဟောပြောခဲ့တာပါ။

ဒါပေမဲ့ ဒေါက်တာအေးမောင်ဟာ စစ်တပ်အာဏာသိမ်းတာကို အားပေးထောက်ခံနေသူ တယောက်ဖြစ်ပြီး လက်ရှိ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားချိန်မှာလည်း ရခိုင်ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့  အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024