
ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို စစ်ခေါင်းဆောင်က လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်းကို စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒေါက်တာအေးမောင်ကို ၂၀၁၈ ခုနှစ်အတွင်းက ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာပဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။
အခုလို ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံရတဲ့ ကိုယ်စားလှယ်ဟာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ရွေးကောက်ပွဲဥပဒေတွေက ပြဋ္ဌာန်းထားပေမဲ့ နိုင်ငံ့အကြီးအကဲက ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေဖြစ်နေတဲ့ ဒေါက်တာအေးမောင်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးလိုက်တာကြောင့် ဒေါက်တာအေးမောင်အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒီနောက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီကို ထူထောင်ရာမှာ ခေါင်းဆောင်တယောက်အဖြစ် ပါဝင်ခဲ့ပြီးနောက် နုတ်ထွက်သွားခဲ့သူ ဖြစ်ပါတယ်။
ဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဒေါက်တာအေးမောင်ဟာ သားဖြစ်သူ ဦးတင်မောင်ဝင်းနဲ့အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ တည်ထောင်ခဲ့တာပါ။
၂၀၁၉ ခုနှစ် မတ် ၁၉ ရက်မှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံခဲ့ရသလို နောင်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။