Home
မြန်မာသတင်း
AA ထိန်းချုပ်ထားသည့် ၄ မြို့နယ်ကို ထိုးစစ်ဆင်ပြီး ရွေးကောက်ပွဲလုပ်ရန် စစ်တပ် စီစဉ်
DVB
·
September 16, 2025

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခု ထဲက ၁၀ ခု မှာ ရွေးကောက်ပွဲ မလုပ်ပေမဲ့ ကျန်မြို့နယ် ၄ ခုကို ထိုးစစ်ဆင်ပြီး ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ် စီစဉ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေ အရ သိရပါတယ်။

အာရက္ခတပ်တော် (AA) ထံ ဆုံးရှုံးထားတဲ့ မြို့နယ်တွေထဲက မြို့နယ် ၁၀ ခု မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်တာပါ။

ရွေးကောပ်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေကတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲတို့ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ အာရက္ခတပ်တော် (AA) မထိန်းချုပ်ထားသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ အာရက္ခတပ်တော် (AA) ထံ ဆုံးရှုံးထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ် မလုပ်ဘူးဆိုတာကို တိတိကျကျ မထုတ်ပြန်သေးပါဘူး။

တပ်တွင်းသတင်းရင်းမြစ်တယောက်က “အဲဒီ ၃ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်း လုံခြုံမှုကတော့ မရှိနိုင်ဘူးထင်တယ်။ AA က မသိမ်းရသေးပေမဲ့ အဲဒီနေရာမှာနေတဲ့ သူတွေက AA ကိုပဲ အားပေးတာလေ။ အခု စစ်တပ်က အမ်း၊ တောင်ကုတ်၊ သံ တွဲ၊ ဂွ ကို ထိုးစစ်ဆင်မယ်လို့ ကြားနေတယ်။ ရွေးကောက်ပွဲကို အဲဒီမြို့နယ်တွေမှာ လုပ်ဖို့လည်း စီစဉ်နေတယ်။ သူတို့က မထုတ်ပြန်သေးတာပေါ့လေ။ ကျနော်တို့ ကြားရသလောက်ကတော့ အဲဒီမြို့နယ်တွေကို ၁၀ လ ပိုင်းမှာ အပြီးရှင်းမယ်တဲ့” လို့ ပြောပါတယ်။

ရခိုင်ပြည်သူအတွက် အကျိုးမရှိနိုင်တဲ့ ရွေးကောက်ပွဲဟာ လူထုထောက်ခံမှု မရှိတဲ့အတွက် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ ခွင့်မပြုဘူးလို့ AA သတင်းပြန်ကြားရေး ဦးခိုင်သုခက ပြောထားပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို စတင်မယ်လို့ စစ်တပ်က ကြေညာထားပါတယ်။

ဒါပေမဲ့ နယ်မြေ မလုံခြုံလို့ဆိုပြီး ၅၆ မြို့နယ် (ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ ခု၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၉ ခု ၊ တိုင်း နှင့်ပြည်နယ် မဲဆန္ဒနယ် ၅၆ ခု) မှာ ရွေးကောက်ပွဲ လုပ်လို့ မရတဲ့အကြောင်း ကော်မရှင်က စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ(RSNUP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MNDP) တွေကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024