
အာဏာသိမ်းစစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် အခြေစိုက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေနဲ့ ရှမ်းပြည်တောင်ပိုင်းဒေသတခုလုံးမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီဝင်အရေအတွက်နဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် ပြည့်မီပြီး ပါတီရုံးခန်းတွေလည်း သက်ဆိုင်ရာမြို့နယ်တွေမှာ ဖွင့်လှစ်ပြီးဖြစ်လို့ ရွေးကောက်ပွဲဝင်ဖို့ အသင့်ရှိပြီလို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ( ၂ ) စော ခွန်ကျော်ဝင်းက DVB ကို ပြောပါတယ်။
“ကျနော်တို့ပါတီက ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ ၂၅၀၀ လည်း ပြည့်မီပါပြီ။ မဲဆန္ဒနယ်ပေါင်း ၃၂ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ် ၅၂ ဦးရဲ့ လျှောက်လွှာတွေလည်း လက်ခံရရှိပြီ၊ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ အသေးစိတ်ထပ်ပြီး စစ်ဆေးနေပါတယ်ခင်ဗျ။”
လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီရမယ့်အပြင် ပါတီရဲ့ စည်းကမ်းချက်တွေနဲ့လည်း ကိုက်ညီရမှာ ဖြစ်တယ်၊ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ လူမျိုး ဘာသာ ခွဲခြားမှုမရှိပေမဲ့ PNO ပါတီဝင်၊ PNO မြို့နယ်အလုပ်အမှုဆောင်ထဲက ဖြစ်ရမယ်၊ ဒေသတွင်းနေ ပြည်သူလူထု အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူဖြစ်ရမယ် စတဲ့အခြေခံအချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ပါတီရုံးခန်းတွေကို တောင်ကြီးမြို့ရှိ ဗဟိုရုံးချုပ်မှာ ၁ နေရာ၊ မြို့နယ်အဆင့် ၁ နေရာ၊ ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်၊ နမ့်စန်၊ မောက်မယ်၊ ကလော၊ ပင်လောင်း စတဲ့မြို့နယ်တွေမှာ ၁ နေရာစီ စုစုပေါင်း ရုံးခန်း ၉ ခု ဖွင့်လှစ်ထားပြီလို့ ဆိုပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူတွေကို ပေးမယ့် ကတိကဝတ်တွေကတော့ မဲဆွယ်ခွင့်ရတဲ့ အချိန်မှ ထုတ်ပြန်မယ်လို့ ပြောပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေအရ ရွေးကောက်ပွဲဝင်တာကို သဘောတူတဲ့ဘက်ရှိသလို သဘောမတူတဲ့ဘက်လည်း ရှိကောင်းရှိမယ်၊ ဒါပေမဲ့ PNO ပါတီအနေနဲ့တော့ ဥပဒေလမ်းကြောင်းကနေ မိမိ ရည်ရွယ်ချက်လမ်းစဉ်အတိုင်း တစိုက်မတ်မတ် လျှောက်လှမ်း ဆောင်ရွက်သွားမယ်၊ မိမိလုပ်ဆောင်ချက် မှန်ကန်ပါက ပြည်သူတွေရဲ့ အာားပေးထောက်ခံမှုကို ရရှိမယ်လို့ မျှော်လင့်ကြောင်း ပါတီတာဝန်ရှိသူက ပြောသွားပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO ဟာ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ အမတ်နေရာ ၂၈ နေရာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦး စုစုပေါင်း ၁၁ ဦး အနိုင်ရရှိကာ ၂၀၂၀ ရွေးကောက်ပွဲမှာ အဆင့် ၇ နေရာမှာ ရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။