
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းပါ သက်ဆိုင်ရာမြို့နယ်ရဲ့ ပြင်ပမှာ ရောက်ရှိနေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအတွက် ကြိုတင်မဲပေးတာနဲ့ပတ်သက်ပြီး စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ယာယီနေရပ်စွန့်ခွာနေရသူတွေအနေနဲ့ ကြိုတင်မဲပေးဖို့အတွက်ပုံစံ (၁၅) ကို ရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်ကနေ ဖြစ်ဖြစ်၊ ရောက်ရှိရာဒေသက မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကနေ ဖြစ်ဖြစ် ရယူ ဖြည့်စွက်ပြီး အောက်တိုဘာ ၁၂ ရက် အရောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီ ပေးပို့ရမှာ ဖြစ်ပါတယ်။
ယာယီနေရပ်စွန့်ခွာနေရသူတွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲအနေနဲ့ နိုဝင်ဘာ ၂၅ ရက် ကနေ ၂၉ ရက်အတွင်း သင့်တော်တဲ့ နေ့ရက်၊ သင့်တော်တဲ့နေရာမှာ ပြုလုပ်ပေးရမှာ လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ယာယီနေရပ်စွန့်ခွာသူတွေအနေနဲ့ ပုံစံ (၁၅) နဲ့ မဲစာရင်းပါတဲ့ မဲဆန္ဒနယ်အတွက် ကြိုတင်မဲမပေးလိုရင်လည်း ရွေးကောက်ပွဲပြုလုပ်မယ့် နေ့မတိုင်ခင် ရက်ပေါင်း ၆၀ ထက် နောက်မကျစေပဲ (အောက်တိုဘာ ၂၇ ရက်နေ့ နောက်ဆုံး)ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲမှတဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ ပုံစံ(၃-က) နဲ့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနဲ့ ဆေးရုံတွေကို ရောက်နေတဲ့ သူတွေအနေနဲ့လည်း နိုဝင်ဘာ ၂၅ ရက်ကနေ ၂၉ ရက်အတွင်း သင့်တော်တဲ့ရက်မှာ ကြိုတင်မဲပေးရမှာဖြစ်ပြီး အောက်တိုဘာ ၂၉ ရက် နောက်ပိုင်းမှ အကြောင်းအမျိုးမျိုးကြောင့် အချုပ်ခံရသူတွေနဲ့ ဆေးရုံတက်ရောက်နေသူတွေရှိရင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲနဲ့ ဆက်သွယ်ညှိနှိုင်းဆောင် ရွက်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ယာယီနေရပ်စွန့်ခွာနေရသူတွေနဲ့ သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်နေတဲ့ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနဲ့ ဆေးရုံရောက်နေ သူတွေအားလုံးရဲ့ ဆန္ဒပြုပြီး ကြိုတင်မဲဆန္ဒလက်မှတ်ပါ စာအိတ်တွေကို ကြိုတင်ဆန္ဒမဲပေးသူတွေ လက်မှတ်ထိုးထားတဲ့ ပုံစံ (၁၅(က-၁)နဲ့ အသုံးမပြုဘဲ ကျန်နေတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ စာအိတ်တွေကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကို ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့ရမှာဖြစ်ပါတယ်။
အလားတူ ပြည်ပနိုင်ငံတွေမှာရောက်နေတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေအနေနဲ့လည်း ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ မူလက ပုံစံ ၁၅ကို စက်တင်ဘာ ၈ ရက် နောက်ဆုံးထားပေးပို့ဖို့ သတ်မှတ်ထားပေမဲ့ စိတ်ဝင်စားသူနည်းနေတာကြောင့် နိုင်ငံအလိုက် စက်တင်ဘာလကုန်အထိနဲ့ အောက်တိုဘာ ပထမအပတ်အထိ လက်ခံပေးမယ်ဆိုပြီး စစ်ကောင်စီသံရုံးတွေက ရက်ထပ်တိုးပေးထားပါတယ်။
စစ်အုပ်စုအနေနဲ့ လာမယ့် အတုယောင်ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲမပေးဘဲ နေတာမျိုးမဖြစ်ရအောင် ဖိအားပေး အကြပ်ကိုင်တာမျိုးလုပ်လာ နိုင်တယ်လို့ ပြည်ပမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လူပ်ရှားနေသူတချို့က ပြောပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာလကုန်ပိုင်းမှာလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုခံရအောင် ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲပေးတဲ့ပုံရိပ်နဲ့ ဝါဒဖြန့်ဖို့ ပြင်ဆင်ထားပုံရတယ်လို့ သူတို့က ဆိုပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဂျပန်ရောက် မြန်မာတယောက်က "သူတို့ရွေးကောက်ပွဲကို ပြည်သူတွေက ပါဝင်တယ်လို့ ပြနိုင်အောင်လုပ်မှာတော့ သေချာတယ်။ နိုင်ငံတကာက ရွေးကောက်ပွဲကိုအသိအမှတ်ပြုလက်ခံလာအောင် နည်းမျိုးစုံကြံမှာပဲ၊ ပြည်ပရောက် နေတဲ့သူတွေရဲ့ ကြိုတင်မဲက ရွေးကောက်ပွဲရဲ့ ရှေ့ပြေးပုံရိပ်လို ဖြစ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်ပရောက်နေသူတွေ ကြိုတင်မဲပေးနိုင်အောင် ပုံစံ ၁၅ ဖြည့်ဖို့ တိုက်တွန်းတာတွေ ထပ်ခါတလဲလုပ်နေသလို ပုံစံ ၁၅ လက်ခံတဲ့ရက်ကိုလည်း ထပ်တိုးပေးထား ပါတယ်။
ဒီလို ရက်တိုးပေးတာက မျှော်မှန်းထားတဲ့ ပြည်ပရောက်ကြိုတင်မဲအရေအတွက်မပြည့်လို့ ဖြစ်နိုင်ပြီး လျှောက်ထားသူထပ်တိုးမလာရင်ဖိအားပေး အကျပ်ကိုင်တဲ့နည်းတွေသုံးလာ နိုင်တယ်လို့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်ကပြောပါတယ်။
"သံရုံးက အရင်ကလည်း နွေဦးတော်လှန်ရေးလူပ်ရှားသူတွေကို မှတ်ထားပြီး ပတ်စ်ပို့သက်တမ်း တိုးမပေးဘဲ ယုတ်မာတာမျိုးရှိတယ်။ ပြီးတော့ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထး မပြနိုရင်လည်း ပတ်စ်ပို့သက်တမ်းမတိုးပေးဘူး။ အခုလည်း ပုံစံ ၁၅ တင်ထားတာမရှိရင် ဘာမှမလုပ်ပေးဘူးဆိုပြီး မလုပ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။”
စစ်ကောင်စီအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့ပုံရိပ်ကို မျှော်လင့်ထားသလို မလွန်ဆန်နိုင်လို့ ပုံစံ ၁၅ တင်ထားပြီး မဲလာမပေးသူတွေအစား သံရုံးကနေ မဲမသမာတာတွေ လုပ်နိုတယ်လို့ သူတို့က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။