
ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားတဲ့ ဆန်ကြွယ်ရွာကို စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကတည်းက ဆန်းကြွယ်ရွာနဲ့ ကပ်လျက်က မှော်တောင်းရွာထဲကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် နေရာယူပြီးနောက် ရွာထဲမှာ နေ့တိုင်းလိုလို နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကာ ဒီနေ့မှာ ဆန်ကြွယ်ရွာကို စစ်တပ်က အပြည့်ဝ ထိန်းချုပ်လိုက်ပြီလို့ ဆိုပါတယ်။
ဆန်းကြွယ်ရွာဟာ နှစ်ဖက်တပ်အတွက် ဗျူဟာအရ အရေးပါတဲ့ ရွာဖြစ်တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဆန်းကြွယ်က ဥရုချောင်းဘေးမှာရှိနေတာ။ ဥရုချောင်းတဘက်ကမ်းမှာ ဆိုင်းတောင်ရွာ ရှိတယ်။ တော်လှန်ရေးဘက်တွေကနေ ဆိုင်းတောင်ကို လုံလုံခြုံခြုံထိန်းချုပ်ထားချင်ရင် လမ်းတွေ အများကြီးပွင့်သွားလို့ မဖြစ်ဘူးပေါ့ စစ်ရေးအမြင်နဲ့ ကြည့်မယ်ဆိုရင်။ အခုက လမ်းကြောင်းပွင့်လာပြီး စစ်ဘောင် ကျယ်လာသလို ဖြစ်တာပေါ့။ စစ်ကောင်စီ စစ်ကြောင်းဟာ ဖားပြင်၊ မမုန်ဘက် ဆက်ထိုးမလား။ ဆိုင်းတောင်ဘက် ဆက်ထိုးမလားဆိုတာ ခက်မှန်းရခက်သွားသလို ဖြစ်သွားတာပေါ့။”
ဒီနေ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန်အတွင်းမှာ လက်နက်ကြီးကျည် ထိမှန်ကာ ဒေသခံ ၂ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ထားတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ထိခိုက်သေဆုံးသူတွေရဲ့ အခြေနေအသေးစိတ်ကိုတော့ DVB က အတည်ပြုလို့မရသေးပါဘူ။
ဆန်းကြွယ်ရွာကို စစ်ကောင်စီတပ် ထိန်းချုပ်လိုက်တာကြောင့် KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာအုပ်စုက ရွာတွေထဲကို အချိန်မရွေး အင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိပ်မူဒေသခံတယောက်က DVB ကို ပြောပါတယ်။
“အခုက ဆိပ်မူနဲ့ ကပ်လျက်နားထိ စကစတပ်က ရောက်နေပြီ။ ဆန်းကြွယ်ကနေက ဆိုင်းတောင်ဘက်လည်း ထိုးမလား ဖားပြင်တို့ မန ဘက်ပဲ ထိုးမလား မပြောတတ်ဘူး။ ဝုန်းဒိုင်းဆို အဆင်သင့်ဖြစ်အောင်ပဲ ပြင်ဆင်ထားတယ်။ ထိုးမယ် မထိုးဘူးက တထစ်ချ ပြောမရတဲ့ အခြေနေမှာ ရှိနေတော့ အကုန်လုံးက ထိုးလာမလား ပြေးရတော့မလား စိုးရိမ်နေကြတာပေါ့။”
ဆန်းကြွယ်ရွာနဲ့ တမိုင်အကွာက ရှရော်ခရွာကိုလည်း စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ချင်တာကြောင့် ပြီးခဲ့တဲ့ လတွေကတည်းက ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် ဒီနေ့အထိ ရွာတဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။
တိုက်ပွဲအခြေနေ အသေးစိတ်ကို မေးမြန်းနိုင်ဖို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို DVB က ဆက်သွယ်ထားပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဗန်းမော်မြို့က ရပ်ကွက်တချို့နဲ့ တပ်စခန်းတချို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။
စစ်ကောင်စီကတော့ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်မြို့တွေမှာ ရွေးကောက်ပွဲ လုပ်ဖို့ ဆန္ဒရှိနေပြီး အဲဒီ မြို့တွေမှာ နယ်မြေစိုမိုးမှု ပိုရဖို့ မြေပြင်ကနေ အပြင်ထန် စစ်ကြောင်းထိုးနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ဖြေဆိုထားပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆန်းကြွယ် ဘုရားကုန်းကို တွေ့ရစဉ်။ (Photo - CJ)