
စစ်အုပ်စုကလုပ်မဲ့ ရွေးကောက်ပွဲမတိုင်ခင် လူငယ်တွေ ပြည်ပထွက်ခွင့်နဲ့ပတ်သက်လို့ တင်းကျပ်၊ ကန့်သတ်တာတွေ ပိုရှိလာတယ်လို့ အေဂျင်စီနဲ့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တချို့ဆီက သိရပါတယ်။
ပြည်ပထွက်တဲ့ လူငယ်တွေကြောင့် စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ မဲပေးတဲ့ ဦးရေနှုန်း လျော့သွားမှာ ကို မလိုလားလို့ ကန့်သတ်ထိန်းချုပ်တာဖြစ်နိုင်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ထွက်ခွာခွင့်ပေးတဲ့ အရေအတွက် နဂိုကန့်သတ်ထားတာထက်ကို တဖြည်းဖြည်း နည်းလာတာ။ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ရက်ကလည်း သိပ်မလိုတော့ဘူးဆိုတော့။ အဲဒါကြောင့်လို့ပဲ ယူဆကြတာ။ ဌာနက အသိပေးထုတ်ပြောတာတော့မရှိဘူး။”
ပြည်ပထွက်ခွာခွင့်နဲ့ ပတ်သက်လို့ အလုပ်သွားလုပ်မဲ့သူတွေအပြင် အလည်အပတ်သွားမဲ့ သူတွေကိုပါ ကန့်သတ်တာတွေ ပိုလုပ်လာလို့ လေယာဥ်လက်မှတ်ရောင်းအားလည်း ကျလာတယ်လို့ ကျောက်တံတားမြို့နယ်မှ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တယောက်က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စစ်မူထမ်းကိစ္စကို အကြောင်းပြုပြီး မတ်လကစလို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ထားသလို အေဂျင်စီတခုချင်းအလိုက် စေလွှတ်ခွင့်လုပ်သားဦးရေကို ကန့်သတ်ထိန်းချုပ်ထားပါတယ်။
ပြည်ပထွက် အလုပ်မဲ့သူတွေအနေနဲ့ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) နဲ့ ပြည်ပထွက်ခွင့် လျှောက်ထားရပြီး ခွင့်ပြုချက်ရသူတွေကို ပုံမှန်အသိပေးထုတ်ပြန်ပေးတာရှိပါတယ်။
ဒါပေမဲ့ သြဂုတ်လကုန်ပိုင်းကစလို့ OWIC ကတ်လုပ်ခွင့်ရတဲ့ ဦးရေ လျော့နည်းသွားတယ်လို့ ပြည်ပထွက်အလုပ်လုပ်ဖို့ စောင့်ဆိုင်းနေသူတယောက်က ပြောပါတယ်။
“OWIC ကတ်လုပ်ခွင့်ပြုတဲ့ စာရင်းမထုတ်ပြန်တဲ့ ရက်တွေ များလာတယ်။ တချို့တွေဆို ဗီဇာသက်တမ်းက ကုန်တော့မယ်၊ OWIC စာရင်းက ကျမလာဘူး။”
စစ်အုပ်စုက ဒီဇင်ဘာလကုန်မှာ ရွေးကောက်ပွဲအပိုင်း ၁ လုပ်သွားမယ်လို့ ကြေညာထားပြီး မဲပေးဖို့ ဖိအားပေးအကျပ်ကိုင်တာတွေ လုပ်နေတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။