
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံအားပေးပြီး နိုင်ငံအတွင်းမှာ ရုံးခန်းဖွင့်လှစ်ခွင့်ပေးတာမျိုးမလုပ်ဖို့ စစ်ကောင်စီဘက်က အရှေတီမောအစိုးရကို တောင်းဆိုခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကနေ သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ အရှေ့တီမောနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးစဥ် ဝန်ကြီးဦးသန်းဆွေက တောင်းဆိုခဲ့တာလို့ဆိုပါတယ်။
နေပြည်တော်သတင်းရင်းမြစ်တယောက်က " NUG ကို ဆက်ပြီးထောက်ခံတာတို့ အရှေ့တီမောမှာ NUG ရုံးခန်းဖွင့်တာတွေ ခွင့်မပြုဖို့၊ မြို့တော်ဒီလီမှာ မြန်မာသံရုံး ဖွင့်လှစ်မှာကို ပံ့ပိုးကူညီပေးဖို့ ဦးသန်းဆွေက အရှေ့တီမောကို အကူအညီတောင်းတာ "လို့ ပြောပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေအထဲမှာ ၂ နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူတွေ၊ စံနှုန်းသတ်မှတ်ချက်တွေနဲ့ အညီ တနိုင်ငံရဲ့ ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက်စွက်ဖက်တာ မလုပ်ဘဲ ၂ နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြတယ်လို့ စစ်တပ်ရဲ့ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာ့နိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းရာမှာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အရှေ့တီမောသမ္မတက ပြောဆိုခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ အတွင်းရေးတွေကို ဝင်ရှုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဇူလိုင်လအတွင်းက အရှေ့တီမောနိုင်ငံ အာဆီယံဝင်ခွင့်ကို ကန့်ကွက်ခဲ့လို့ အခုလို လာရောက်တွေ့ဆုံတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါ တယ်။
"စစ်တပ်က သူ့ကိုလူရာမသွင်းဘဲ NUG ကို အသိအမှတ်ပြုတော့ တရုတ်ကိုအကူအညီတောင်းပြီး အာဆီယံအဖွဲ့ဝင်လို့မရအောင် ကန့်ကွက်တာ။ နိုင်ငံကလည်းသေး ဖိအားတွေကလည်းများတော့ အရှေတီမောက မပတ်သက်ချင်ဘဲ စစ်တပ်နဲ့ပတ်သက်တာ။”
အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကို ကန့်ကွက်ကြောင်း စစ်ကောင်စီက အာဆီယံဥက္ကဋ္ဌထံ စာပေးပို့ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့မေလထဲမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေက လာမယ့် အောက်တိုဘာမှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တီမောကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သဘောတူခဲ့ကြပါတယ်။
အရှေ့တီမောနိုင်ငံနဲ့ ခေါင်းဆောင်တွေဟာ မြန်မာ့နွေဉီးတော်လှန်ရေးနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ပေါ်ပေါ်တင်တင် ထောက်ခံအားပေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။