စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်း ၁ နာရီခွဲကျော်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ခန့် ဒဏ်ရာပြင်းထန် ရရှိတယ်လို့လည်း သိရပါတယ်။
ဒေသခံတယောက်က “ဘာတိုက်ပွဲမှမရှိဘဲ ချသွားတာဗျ။ ရွာတောင်ပိုင်းကို ကြဲချသွားတာဗျ။ အသက် ၆၀ ခန့် အမျိုးသမီးတဦး သေဆုံးခဲ့တယ်။ ခြေပြတ်၊ လက်ပြတ်နဲ့ ဒဏ်ရာပြင်းထန်ရတာက ၆ ဦးလောက် ရှိတယ်ဗျ။ အသေးစားထိခိုက်တာက ၁၀ ဦးကျော်တယ်ဗျ။ အဲဒီ ဒဏ်ရာရသူတွေထဲမှာ ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာကနေ စစ်ရှောင်လာတဲ့ ပြည်သူ ၄ ဦးလည်း ပါတယ်ဗျ။ အဲဒါကတော့ ဗုဒ္ဓဘာသာဝင်တွေပေါ့။ ကျန်တာကတော့ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေပါဗျ။ ဘာကြောင့်ပစ်တာလဲဆိုတော့ မြေပြင်မှာလည်း တိုက်ပွဲမရှိဘူး။ အကြောင်းမဲ့ ပစ်သွားတာ။ ကျနော့်အမြင်ပြောရရင် အရင်နေ့က ဇီးကုန်းရွာစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စခန်းသိမ်းတာကို လက်တုံ့ပြန်တဲ့အနေနဲ့ လာကြဲချတာလို့ပဲ ထင်တယ်ဗျ” လို့ ပြောပါတယ်။
ကျီစုရွာဟာ အိမ်ခြေ ၁,၀၀၀ ခန့်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး ကန့်ဘလူနဲ့ ခင်ဦးမြို့နယ် အစပ်မှာ တည်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တယောက်က “လက်တုံ့ပြန်ချင်တယ် ဆိုရင်လည်း အရပ်သားတွေရှိတဲ့ ရွာတွေကို အခုလိုမျိုး တိုက်ခိုက်တာကတော့ ယောကျ်ားမဆန်ဘူးလေဗျာ။ တံတာဦးတက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ။ စစ်တပ်ဘက်ကို ပြောချင်တာက သတင်းစုံစမ်းမှု အားနည်းတယ်။ ရရှိလာတဲ့ သတင်းတွေကို စိစစ်ဖို့ လိုနေသေးတယ်။ ကျနော်တို့ရှိတဲ့ နေရာတွေကို အတိအကျစုံစမ်းပြီး တိုက်ခိုက်ပါ။ အခုဟာက ပြည်သူ့လစာစားပြီး အရပ်သားတွေကို တိုက်ခိုက်နေတာဟာ မရှက်ဘူးလားလို့ဘဲ မေးချင်ပါတယ်” လို့ ပြောပါတယ်။
ကျီစုရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စခန်းသိမ်းပြုလုပ်ခဲ့တဲ့ ဇီးကုန်းရွာရဲ့ အနောက်တောင်ဘက် ၆ မိုင်ခွဲခန့်အကွာမှာ တည်ရှိပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိကာ စစ်တပ်က အကြိမ်ကြိမ် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၉၀၀ မီးလောင်ဆုံးရှုံးထားတယ်လို့ သိရပါတယ်။