
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်မှာ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက လက်နက်ကိုင်လူတစုက ဒေသခံ အမျိုးသား ၂ ယောက်ကို ပစ်သတ်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လုံးခင်းနဲ့ မှော်ဆီစာရွာ အစပ်နားမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရပြီး မှော်ဆီစာရွာအတွင်းမှာ နောက်ထပ် အမျိုးသားတယောက် ပစ်သတ်ခံထားရကာ အရပ်ဝတ်နဲ့ လက်နက်ကိုင်လူတစုက ဆိုင်ကယ်နဲ့ လာရောက်ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ်။
ဘယ်အဖွဲ့အစည်းက ဘာရည်ရွယ်ချက်နဲ့လုပ်လဲ ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိကြဘူးလို့ ပြောပါတယ်။
ဒေသခံတယောက်က “ဒီကိစ္စတွေက ရှုပ်ထွေးတယ်ဗျ။ KIA က သတင်းရလို့ ပစ်ခတ်တာ ဖြစ်နိုင်သလို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကလည်း KIA နဲ့ တော်လှန်ရေးအဖွဲ့တွေကို ပုံဖျက်ဖို့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်။ နယ်မြေပိုရှုပ်ထွေးအောင် ကြားကနေ လုပ်တာလည်း ဖြစ်နိုင်တယ်။ ဒီဘက်တွေမှာ လက်နက်ကိုင်တွေ တအားရှုပ်ထွေးနေတာဆိုတော့ ခန့်မှန်းရတော့ ခက်ခဲပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ မိုးကောင်းမြို့မှာ အင်အားစုဖွဲ့ကာ ဖားကန့်မြို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် လမ်းမှာ စစ်ကြောင်းနဲ့တွေ့ပြီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိသလို အခုနောက်ပိုင်း အမည်မသိ လက်နက်ကိုင်သူတွေက ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
လက်ရှိချိန်မှာ ဖားကန့်မြို့ဟာ လုံခြုံရေးအကင်းမဲ့ဆုံး အချိန်ကို ရောက်နေပြီလို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။
“ဖားကန့်မှာ လုံခြုံမှုက လုံးဝမရှိတော့ဘူး။ ဒီမှာက တော်လှန်ရေးနဲ့ စစ်တပ်ကပဲ လက်နက်ကိုင်ထားတာ မဟုတ်ဘူး။ သူခိုး၊ ဓားပြတွေကအစ သေနတ်တွေကိုင်ထားကြတာ ဆိုတော့ ကြောက်ရတယ်။ ဒီရက်တွေမှာလည်း လူပစ်သတ်ခံရတာ ခဏခဏ ဖြစ်နေတယ်။ ဘယ်သူက ဘယ်သူ့ကို ဘာလို့ပစ်တယ် ဆိုတာမျိုးလည်း မသိရဘူး။ စစ်တပ်ကလား၊ တော်လှန်ရေးကလား၊ ဓားပြလား မသိရဘူး။ ဖားကန့်မှာက ဘယ်သူမဆို အချိန်မရွေး သတ်ဖြတ်ခံရနိုင်တဲ့ အခြေအနေ ဖြစ်နေပြီ။”
ဖားကန့်မြို့မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်မှုတွေ ရှိနေသလို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအတွင်းနဲ့ လေကြောင်း၊ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးထိခိုက်မှုတွေလည်း နေ့တိုင်းလို ရှိနေတာပါ။
စက်တင်ဘာ ၁၇ ရက်မှာ KIA ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာအုပ်စုထဲက ဆန်းကြွယ်ရွာကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဆိပ်မူအုပ်စုထဲက တခြားရွာတွေဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးနေသလို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ကလေးအပါအဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။