
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့ နှစ်ဖက်လုံးက နယ်မြေစိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းနေကြပြီး နှစ်ဖက် တိုက်ပွဲအတွင်းနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုလည်း နေ့တိုင်းလိုလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ မနေ့ ညနေက ဆန်းကြွယ်ရွာ ဥရုချောင်း တဘက်ကမ်းက ဆိပ်မူကျေးရွာအုပ်စု၊ ကျောက်သွေးတောင်ရွာထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သားဖနှစ်ယောက် သေဆုံးခဲ့ပြီး နောက်ထပ် နှစ်ယောက်လည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဆိပ်မူကျေးရွာအုပ်စုကို KIA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ဆိပ်မူအုပ်စုအတွင်းက ရွာတွေထဲကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနဲ့ နေ့တိုင်း တိုက်ခိုက်နေတာအပြင် မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာပါ။
စစ်ကောင်စီက စစ်ကြောင်းထိုးတာအပြင် KIA ပူးပေါင်းအဖွဲ့ကပါ လူသစ်စုဆောင်းတာတွေ လုပ်နေတာကြောင့် ဆိပ်မူအုပ်စုအတွင်းက ဒေသခံ အများစုဟာ ဘေးလွတ်ရာကို တဖြည်းဖြည်း တိမ်းရှောင်နေကြတယ်လို့ ဖားကန့်ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“လက်ရှိမှာ ဆိုင်းတောင်ဘက်တွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာ၊ ဒရုန်းတွေနဲ့ ပစ်တာ အဲလို ဖိအားပေးနေတာအပြင် နောက်တခုက ဖားကန့်ဒေသမှာ လူသစ် စုဆောင်းရေး အရမ်းလုပ်နေတာ ရှိတယ်။ အဓိကတော့ KIA က ဆွဲတာ ပိုများတာပေါ့လေ။ စစ်ကောင်စီကတော့ သူတို့ စစ်ကြောင်းထိုးရင်းနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတာမျိုးတွေတော့ ရှိတယ်။ စစ်ကောင်စီကလည်း ပြည်သူတွေကို လက်နက်ကြီးနဲ့ ထုတယ်။ တဖက်မှာလည်း စားဝတ်နေရေးအတွက် ကျောက်ရှာသွားချိန်မျိုးတွေမှာ KIA က ဆွဲတာမျိုးတွေ ရှိတော့ မလုံခြုံတော့တဲ့ အခြေနေကြောင့် တိမ်းရှောင်သွားကြတာ။”
လက်ရှိမှာ ဆိပ်မူအုပ်စုထဲက ဆိုင်တောင်ရွာက ဒေသခံအများစုက မြစ်ကြီးနား၊ မိုးကောင်း စတဲ့ မြို့တွေဘက်ကို တိမ်းရှောင်နေကြပြီး သက်ကြီးရွယ်အိုနဲ့ သွားလာရခက်ခဲသူတွေကိုတော့ ဘာသာရေးအဖွဲ့စည်းတွေက ကူညီပြီး ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။
ဆိပ်မူအုပ်စု၊ ဆိုင်းတောင်ရွာနဲ့ အနီးကပ်ဆုံးမှာ ရှိနေတဲ့ ဆန်းကြွယ်ရွာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဆိုင်းတောင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဒေသခံတွေက ကြိုတင်တိမ်းရှောင်နေကြပေမဲ့ အိမ်စောင့်ကျန်နေသူတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။
ဆိုင်းတောင် ဒေသခံတယောက်က “လက်ရှိအချိန်အထိ ဆိပ်မူ၊ ဆိုင်းတောင်ဘက်မှာ တိုက်ပွဲ ကြီးကြီးမားမား ဖြစ်တာမျိုးတော့ မရှိသေးဘူး။ အဓိကတော့ ကြိုတင်ရှောင်ကြတဲ့ သဘောပေါ့။ ဆန်းကြွယ်ကို စကစ ပြန်ယူလိုက်ပြီးနောက်ပိုင်းက ပိုပြီး စိုးရိမ်ရတဲ့ အခြေနေမျိုး ဖြစ်သွားတာ။ အချိန်မရွေး စစ်ကြောင်းထိုး ဝင်လာနိုင်တယ်။ ဒီရက်ပိုင်းတွေမှာလည်း နေ့တိုင်း လက်နက်ကြီးနဲ့ ထုတယ်၊ ဒရုန်းနဲ့ ပစ်တာတွေ ရှိတယ်။ လူတွေလည်း နေ့တိုင်းလိုလို သေဆုံး ထိခိုက်နေကြတော့ စိုးရိမ်းကြတာပေါ့နော်။ ဒီထက် ပိုဆိုးမလာခင် ရှောင်ကြမယ်ဆိုပြီး ရှောင်ကြာတာပေါ့” လို့ DVBကို ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက ဆိုင်းတောင်ရွာအတွင်း ဘာသာရေးအဖွဲ့စည်းတွေ ဖွင့်ထားတဲ့ ကျောင်းတွေနဲ့ ဈေးဆိုင်အများစု ပိတ်ထားကြပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်အတွင်း နယ်မြေစိုးမိုးမှု ပိုမိုရရှိလာဖို့ မြေပြင်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်တာအပြင် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု နေ့တိုင်းလို ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်၊ ဆိပ်မူရွာအုပ်စု ကျောက်သွေးတောင်ရွာက နေအိမ်တလုံးအပေါ် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။